ဒုတိယမြောက်ရင်သွေးက သမီးလေးဖြစ်လို့ ပျော်နေတဲ့ နေမင်းအိမ်
Galaxy Star ပြိုင်ပွဲမှ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် နေမင်းအိမ်က ဒီလို ကိုဗစ်ကာလမှာ ရောဂါတွေ ဖြစ်နေပေမယ့် ဒုတိယမြောက်သမီးလေးကို ရောဂါကင်းစင်စွာနဲ့ မွေးဖွားလာတာက သူ့အတွက် ဆုလာဘ်တခုပါလို့ ဧရာဝတီကို ဆိုပါတယ်။
“ကျနော့် ဒုတိယမြောက် သမီးရတနာလေးကတော့ ဇူလိုင်လ၂၆ ရက်နေ့ က မွေးဖွားခဲ့ပါတယ်။ ၇ ပေါင်နဲ့ ၈ အောင်စပါ။ ပင်လုံဆေးရုံမှာ မွေးဖွားခဲ့တာပါ။ အမျိုးသမီးရော ကလေးလေးရော နေကောင်းပါတယ်။ သမီးနာမည်ကိုတော့ သေချာတော့ မစဉ်းစားရသေးဘူး။ သေချာလေးရွေးပြီးတော့ ပေးမှာပါ”
“သမီးလေးကို အေးအေးချမ်းချမ်းလေး ဖွားမြင်စေချင်တာလေ။ အခုလို ရောဂါတွေ ဖြစ်နေပေမယ့် သမီးလေးက ရောဂါကင်းစင်စွာနဲ့ မွေးဖွားလာတာက ကျနော့်အတွက် ဆုလာဘ်တခုပါ။ ကျနော့်သား မွေးတုန်းကလည်း ကျနော်ရော အခု ကျနော့်အမျိုးသမီးနဲ့ စိတ်ကူးတူတာလေးတခု ရှိတယ်။ ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ပုံစံမျိုးနဲ့ မတူတဲ့ ပုံစံလေးနဲ့ မိဘနဲ့ သားသမီးကြားမှာ ကိုယ့်ဘက်ကလည်း ကိုယ်လိုချင်တာပဲ ဖြစ်ရမယ်ဆိုတဲ့ ခံယူချက် မထားထားဘူး”
“ပြီးတော့ ကိုယ့်ရဲ့ သားသမီး ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် အခြေအနေ၊ စိတ်ကူးစိတ်သန်းပေါ် မူတည်ပြီး ကျနော်တို့ကိုယ်တိုင် သိအောင် ကြိုးစားပြီး သူတို့လေးတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံး ပံ့ပိုးပေးသွားဖို့ပဲ တိုင်ပင်ထားပါတယ်”လို့ နေမင်းအိမ်က ပြောပါတယ်။
သမီးလေး ရလာချိန်မှာတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားဖို့ ပိုအရေးကြီးလာတယ်လို့ နေမင်းအိမ်က ဆိုပါတယ်။
“ကျနော် တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားဖို့ ပိုအရေးကြီးလာတာပေါ့။ အရှေ့မှာ သားလေးဆိုတော့ ကျနော့်ကိုယ်ကျနော် လူငယ်တယောက်လို သတ်မှတ်ထားတယ်လို့ ခံစားနေတုန်း သားအဖ နှစ်ယောက် အတူတူ သူငယ်ချင်းလို ပေါင်းမယ်။ ညီအစ်ကိုလို နေမယ်ဆိုပြီး ကျနော် ဘယ်သွားသွားလည်း ခေါ်သွားဖြစ်တယ်”
“အဲ့လိုနေဖြစ်တာ သမီးလေးမွေးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားတော့ သားယောကျာ်းလေး ရှိတဲ့ အဖေတယောက် မဟုတ်တော့ဘဲ သမီးလေးပါ ရှိလာတော့၊ သားရော သမီးရော ရှိလာတော့ လူငယ်လိုနေထိုင်ချင်ပေမယ့် နေထိုင်မှု လွန်ကဲလို့ မရဘူး ဆိုတာလေးတွေ သိလာတယ်။ သားလေးကိုရော၊ သမီးလေးကိုရော ချစ်ပေးကြတဲ့သူတွေကို အရမ်းကျေးဇူးတင်ပါတယ်”လို့ နေမင်းအိမ်က ပြောပါတယ်။
နေမင်းအိမ်ကတော့ Galaxy Star Myanmar 2017 မှာ Winner ဆုရရှိပြီး ပရိသတ် အားပေးရရှိလာခဲ့သူတဦးဖြစ်လို ပထမဆုံး တကိုယ်တော်ခွေ “အရေးကြီးဆုံး” လို့ အမည်ရတဲ့ တေးအယ်ဘမ်လ်လည်း ထွက်ရှိထားပါသေးတယ်။
You may also like these stories:
ဘင်ဂျမင်ဆုမ်းရဲ့ သီချင်းအသစ်ကို ချီးကျူးလိုက်တဲ့ ဖြူဖြူကျော်သိန်း
COVID-19 နဲ့ ပတ်သက်ပြီး သတင်းမှားတွေ မယုံကြဖို့ ဖြိုးမြတ်အောင် ပြော