ဇာတ်လမ်းတွဲ ပိုစတာ ထွက်ရှိစဉ်ကတည်းက ဇာတ်လမ်းထဲက ကာရိုက်တာများနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ရှိနေတဲ့ “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲထဲက ကာရိုက်တာများဟာ စိတ်ကူးယဉ် ဖန်တီးထားတာတွေသာဖြစ်တယ်လို့ ဒါရိုက်တာ မေဘရဏီက ဧရာဝတီကို ပြောပါတယ်။
“ဒီဇာတ်လမ်းမှာဆိုရင် Fantasy Romance အဓိကပေါ့။ စိတ်ကူးယဉ်ဇာတ်လမ်း အဓိက၊ ဒီထဲက ရှိတဲ့ဇာတ်ကောင်တွေက အပြင်မှာ တကယ်ရှိတဲ့ ဇာတ်ကောင်တွေလည်း မဟုတ်ဘူး။ ဒဏ္ဍာရီထဲက ဇာတ်ကောင်တွေလည်း မဟုတ်ဘူး။ လုံးဝကို စိတ်ကူးယဉ်သက်သက် မိုးနတ်သားဆိုတာ တခြားကာရိုက်တာ သက်သက်တခုပေါ့”
“ဒီကားထဲမှာပဲပါတဲ့ ကာရိုက်တာ သက်သက်တခုပါ။ ပြီးတော့ ဇာတ်လမ်းကလည်း Fantasy ဆိုပေမယ့်လည်း Romance လေးတွေ အများကြီးပါတယ်။ စောင့်ကြည့်ပေးရင် သိပါလိမ့်မယ်”လို့ မေဘရဏီက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲထဲမှာတော့ နတ်သားများအနေနဲ့ ဇာတ်ကောင်များကို ဖန်တီးထားပြီး ဝတ်စားဆင်ယင်မှုများကိုလည်း ဝေဖန်တာတွေ ရှိနေခဲ့ပါတယ်။
ခါရာရဲ့ဇာတ်ကောင် ဝတ်စုံနဲ့ မိတ်ကပ် အပြင်အဆင်များကိုလည်း သိကြားမင်း၊ တရုတ်နတ်သားဆိုတဲ့ ပြောဆိုမှုများလည်း ရှိနေခဲ့ပြီး ဒီဇာတ်ကောင်တွေကတော့ စိတ်ကူးယဉ်သက်သက်သာဖြစ်တယ်လို့ သိရပါတယ်။
“ရင်ခုန်သံ ၇၄ ရက်”ဇာတ်လမ်းတွဲထဲက မိုးနတ်သား ကာရိုက်တာကတော့ ရိုက်ဖူးသမျှထဲမှာ သဘောအကျဆုံး ကာရိုက်တာပဲ။ ဒီကားက တကယ့်ကို စိန်ခေါ်မှု အရမ်းဖြစ်တယ်။ အရမ်းရင်ခုန်တယ်။ အရမ်းမျှော်လင့်ထားတယ်။ တခါမှ မမြင်ဖူးသေးတဲ့ ကာရိုက်တာပေါ့”
“ အခုမြင်ရတဲ့အခါမှာ သရုပ်ဆောင်တွေရဲ့ စီးမျောမှုပေါ့။ ခါရာရဲ့စီးမျောမှုက အရမ်းကို ကိုက်ညီနေတယ်။ ခါရာတင် မဟုတ်ဘူး။ ဒီကားမှာပါတဲ့ သရုပ်ဆောင်တွေ မိုးယံဇွန်၊ မြတ်နိုးအေး တခြားသရုပ်ဆောင်တွေလည်း ကာရိုက်တာနဲ့အရမ်းလိုက်ဖက်တယ်” လို့ မေဘရဏီက ပြောပါတယ်။
“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲကတော့ ဒါရိုက်တာ မေဘရဏီရဲ့ ဒုတိယမြောက် ဇာတ်လမ်းတွဲဖြစ်ပြီး ဒီကားဟာ တခါမှ မမြင်ဖူးသေးတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် စိန်ခေါ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
“ခါရာက မိုးနတ်သား ကာရိုက်တာနဲ့ အရမ်းလိုက်တာ။ သူဒီဝတ်စုံ ဝတ်တဲ့အချိန်မှာလည်း သူနဲ့အရမ်းကိုလိုက်ပြီးတော့ ထင်းထွက်နေတာ။ သူနဲ့က အပြင်မှာ ခင်တာကြာပြီ ဆိုပေမယ့်လည်း ဒီကားရိုက်တော့ သူ့ကို မိုးနတ်သားလို့ပဲ ခေါ်တာ။ အရမ်းစီးမျောပြီး အရမ်းကွက်တိ ကျလွန်းတယ်”
“ဝတ်စုံနဲ့ ပတ်သတ်ပြီးတော့ အများကြီး အချိန်ယူ ပြင်ဆင်ခဲ့တယ်။ ဇာတ်ကား မရိုက်ခင် ၂ လလောက်အလိုအထိ ဝတ်စုံကို မိတ်ကပ်တွေလိမ်းပြီး ဝတ်ကြည့်ပြီးမှ လုပ်ခဲ့တာ။ ဝတ်စုံက ပေါ့ပေါ့ပါးပါးရှိပြီးတော့ နတ်သားဆိုတော့ ဖြူသန့်နေပြီး ရွှေရောင်အဆင်းရှိတဲ့ နတ်သား ပုံစံမျိုးဖြစ်အောင် လုပ်ထားတာပါ” လို့ မေဘရဏီက ပြောပါတယ်။
“ရင်ခုန်သံ ၇၄ ရက်”ဇာတ်လမ်းတွဲကိုတော့ သြဂုတ်လအတွင်းမှာ MNTV ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ဒီထဲမှာတော့ ခါရာ ၊ မိုးယံဇွန် ၊ မြတ်နိုးအေး ၊ ပြည့်ဝတီမောင် ၊ မေသူထွန်း ၊ ထက်ဦးထွဋ် တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ရွှေရည်ရွှန်းလဲ့ရဲ့ ဇာတ်ညွှန်းကို မေဘရဏီက ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
You may also like these stories:
ရုပ်ရှင် ရိုက်ကူးရေးများ ပြန်လည် ခွင့်ပြုတော့မည်
မိုးတွင်းမှာ “အလွမ်းရာသီ” သီချင်းသစ် ထွက်မယ့် နန်းဆုရတီစိုး
Tom Cruise တို့ ရိုက်ကူးရေးအဖွဲ့ကို နော်ဝေမှာ Quarantine ကင်းလွတ်ခွင့်ပေး