မက္ကဆီကိုမှာ Formula One ကားပြိုင်ကွင်းကို ရုပ်ရှင်ရုံအဖြစ် အသွင်ပြောင်း
COVID–19 ကပ်ရောဂါကြောင့် အခုနှစ်အတွင်းမှာ ကျင်းပမယ့် Mexican Formula One Grand Prix ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ရလို့ ပရိသတ်တွေက စိတ်ပျက်ခဲ့ရပြီးတဲ့နောက် မက္ကဆီကိုစီးတီး အစိုးရဟာ ပြိုင်ပွဲကွင်း လမ်းကြောင်းတခုမှာ မော်တော်ကားနဲ့ ကြည့်နိုင်မယ့် ရုပ်ရှင်ရုံတခုအဖြစ် အသွင်ပြောင်း ဖော်ဆောင်လိုက်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ မိုးရွာသွန်းနေခဲ့ပေမယ့် ဒါဇင်နဲ့ ချီတဲ့ လူတွေဟာ မက္ကဆီကိုစီးတီးမြို့က Autocinema Mixhuca ရုပ်ရှင်ရုံအဖြစ် အသွင်ပြောင်းထားတဲ့ Autodromo Hermanos Rodriguez ပြိုင်ကွင်းထဲကို ကားမောင်း ဝင်ရောက်ခဲ့ကြပါတယ်။
အဲ့ဒီ ရုပ်ရှင်ရုံမှာ ကြည့်ရှုကြမယ့် ပရိသတ်တွေဟာ မက္ကဆီကို ရုပ်ရှင်တွေကို ကြည့်ရှုနေတဲ့အချိန်မှာ လူအချင်းချင်း ခပ်ခွာခွာနေရေး အစီအမံအတိုင်း လိုက်နာရမှာ ဖြစ်ပါတယ်။
ဝါရင့်စာရင်းကိုင် Juan Manuel Bedwell ဟာ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Last Call” ရုပ်ရှင်ကို ကြည့်ရှုဖို့ ဆယ်စုနှစ် ၄ စုအတွင်း ပထမဆုံးအကြိမ်အနေနဲ့ ရုပ်ရှင်ရုံတရုံမှာ ကြည့်ရှုဖို့ အိမ်တွင်းသီးခြားနေထိုင်မှုကနေ ထွက်လာခဲ့ပါတယ်။ သူ့ချစ်သူကို ခေါ်လာရမယ့်အစား ဒီတကြိမ်မှာတော့ Bedwell ဟာ ကလေး ၃ ယောက်၊ မြေး ၃ ယောက်တို့နဲ့အတူ လာရောက် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။
Bedwell က “ဒီကပ်ရောဂါဟာ ကျနော်တို့ မျှော်လင့်ထားတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့က အထဲမှာပဲ ပိတ်မိနေရင် နေ့တိုင်း စိတ်ဓာတ်ကျမှုကို ခံစားရနိုင်တာကြောင့် ကျနော်တို့ အပြင်ထွက်ဖို့ လိုအပ်လာပါတယ်” လို့ ပြောပါတယ်။ အခု ရုပ်ရှင်ရုံအသစ်ကို မြို့တော်ရဲ့ ယဉ်ကျေးမှုဝန်ကြီးရုံးက စီစဉ်ပေးခဲ့တာ ဖြစ်ပြီး မော်တော်ယာဉ် ၄၁၅ စီး ဝင်ဆံ့မှာလည်း ဖြစ်ပါတယ်။
အဲ့ဒီ ရုပ်ရှင်ရုံကို လာမယ့် သြဂုတ်လ ၁၉ ရက်နေ့အထိ အပတ်စဉ် တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မော်တော်ယာဉ်နဲ့ ကြည့်နိုင်မယ့် ရုပ်ရှင်ရုံတွေဟာ မက္ကဆီကိုနိုင်ငံကို ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ရောက်ရှိလာခဲ့ပေမယ့် သူတို့ရဲ့ နာမည်ကျော်ကြားမှုဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး ပျောက်ကွယ်ခဲ့ရပါတယ်။
အခုလိုမျိုး ကားပြိုင်ကွင်းလမ်းတခုကို အသွင်ပြောင်းခဲ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ကပ်ရောဂါ ကာလမှာ ကားပြိုင်ကွင်းတွေကို COVID-19 ရောဂါသည်တွေအတွက် ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံဟာ COVID-19 ကြောင့် ထိခိုက်ခံခဲ့ရတဲ့အထဲ စတုတ္ထမြောက် အဆိုးရွားဆုံးနိုင်ငံဖြစ်ပြီး လူပေါင်း ၄၃၀၀၀ ကျော် သေဆုံးခဲ့ရပြိး ဖြစ်ပါတယ်။ နိုင်ငံ့လူဦးရေ ၁၂၇ သန်းထဲမှာ လူပေါင်း ၃ သိန်း ၉ သောင်းကျော် ကူးစက်ခံထားရပါတယ်။
မက္ကဆီကို ရုပ်ရှင်အကယ်ဒမီရဲ့ ညွှန်ကြားရေးမှူးနဲ့ ဥက္ကဋ္ဌဟောင်း Ernesto Contreras ကတော့ အခုလိုမျိုး မော်တော်ကားနဲ့ ကြည့်နိုင်မယ့် ရုပ်ရှင်ရုံဟာ အောင်ပွဲခံဖို့ အကြောင်းပြချက်တခုဖြစ်ပြီး မကြာမီ မက္ကဆီကို ရုပ်ရှင်လုပ်ငန်း ပြန်လည် ပွင့်လန်းလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
Ref: thejakartapost
မက္ကဆီကို အသင်းအတွက် ဂိုးအများဆုံး သွင်းပေးတဲ့ ချီချာရီတို ပဲစေ့လေး အကြောင်း