COVID-19 ရောဂါကြောင့် ရုပ်ရှင်ရိုက်ကူးမှုများ ရပ်နားခဲ့ရပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြန်လည် ရိုက်ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် ဒီကာလမှာ ဘယ်လိုပြင်ဆင်မှုတွေနဲ့ ရိုက်ကူးသွားမလဲ ဆိုတာကို ဒါရိုက်တာ ဉာဏ်ထင်က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“အတတ်နိုင်ဆုံး လိုက်နာသင့်တာပေါ့။ နောက်ထပ် ဘယ်လို Wave တွေ ထပ်လာဦးမယ်ဆိုတာ မသိဘူး။ ပြည်ပက ထပ်ဝင်လာသူတွေလည်းရှိတယ်။ အတတ်နိုင်ဆုံး ဂရုစိုက်တာ အကောင်းဆုံးပဲ။ စည်းမျဉ်းတွေကို အတတ်နိုင်ဆုံး လိုက်နာပေးကြပါ။ ရိုက်ခွင့်ရတယ်ဆိုတိုင်း အရမ်းကြီး လက်လွတ်စပယ် မရိုက်ဖို့ အရေးကြီးတယ်” လို့ ဒါရိုက်တာ ဉာဏ်ထင်က ပြောပါတယ်။
ဆက်လက်ပြီး “ရိုက်မယ့် Crew တွေကို အကုန်စာရင်းတွေ ပေးမယ်။ ပြီးတော့ ပြင်ပလူတွေနဲ့ မထိတွေ့အောင် အတတ်နိုင်ဆုံး ရှောင်ကြဉ်မယ်။ Setting Crew တွေ ရှိမယ်။ Lighting Crew တွေ ရှိမယ်။ လူတွေကို အတတ်နိုင်ဆုံး လျှော့ချပြီး ရိုက်မယ်။ ပြီးရင် မင်းသား၊ မင်းသမီးတွေကအစ မှာထားတယ်။ အရင်ကဆို ၂ ယောက် ၃ ယောက်တွေ မခေါ်လာဖို့။ ၁ ယောက်လောက်ပဲ ခေါ်လာဖို့။ ရိုက်ကွင်းမှာ လူအနည်းဆုံး ကျန်အောင်လို့ စီစဉ်နေပါတယ်။ အဲ့လိုမှအုပ်မိပြီး ထိန်းနိုင်မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
ပြန်လည် ရိုက်ကူးခွင့်ရတဲ့အချိန်မှာတော့ ရပ်နားခဲ့ရတုန်းက ရိုက်လက်စ ဇာတ်လမ်းတွဲဖြစ်တဲ့ “လိပ်ပြာ” Season 2 ကို ဆက်လက် ရိုက်ကူးသွားမှာဖြစ်ပြီး မကြာခင်မှာလည်း လေ့ကျင့်မှုတွေ လုပ်တော့မယ်လို့ သိရပါတယ်။
“မရိုက်ခင် Training စခေါ်ထားတယ်။ သေချာပြန်လုပ်ပြီးတော့မှ ရိုက်ဖို့ စီစဉ်ထားတယ်။ ပြီးတော့ Wardrobe Stylist တွေကိုတော့ မှာထားတယ်။ နည်းနည်းလေး ဝလာတဲ့သူတွေရှိရင် ပြင်ပေးဖို့။ ဒါပေမယ့် ကျနော့် မင်းသား၊ မင်းသမီးတွေကတော့ ဝတော့ မဝလာကြဘူး ထင်တယ်။ Facebook မှာ ပုံတွေတွေ့တာတော့ ။ အဲ့ ၂ ခုပါပဲ။ ၄ လဆိုတော့ အရမ်းကြီးကွာတာတော့ မဟုတ်ဘူးဆိုတော့ ကိစ္စတော့မရှိပါဘူး” လို့ ဒါရိုက်တာ ဉာဏ်ထင်က ပြောပါတယ်။
လိပ်ပြာဇာတ်လမ်းတွဲကိုတော့ ကိုဗစ်ကာလ မတိုင်ခင်မှာ ၁၄ ရက် ရိုက်ကူးခဲ့ပြီးဖြစ်ပြီး နောက်ထပ် ရက် ၃၀ စာ ရိုက်ကူးဖို့ ကျန်နေသေးတယ်လို့ သိရပါတယ်။
“Season 2 မှာက Season 1 နဲ့မတူတာဆိုရင် ပန်းရောင်ခြယ်ကို ပိုပြီးတော့ အက်ရှင်ပုံစံနဲ့ မြင်ရဖို့မျှော်လင့်ထားလို့ ရတယ်။ ပြီးတော့ ကာရိုက်တာတွေ အသစ်ထပ်တိုးတာတွေ ပါမယ်။ Season 1 ထက် စိတ်ဝင်စားစရာ ပိုကောင်းမယ် ထင်ပါတယ်” လို့ ဒါရိုက်တာ ဉာဏ်ထင်က ပြောပါတယ်။
ဒါရိုက်တာ ဉာဏ်ထင်ကတော့ ဇာတ်ညွှန်း ရေးတာနဲ့ ဒါရိုက်တာ အလုပ်ကို တွဲဖက် လုပ်ကိုင်တဲ့သူတယောက်ဖြစ်တာကြောင့် ဒီကာလတွေမှာ ဇာတ်ညွှန်းတွေ ရေးဖြစ်နေပြီး ရုပ်ရှင်ကား တကားအတွက် ဇာတ်ညွှန်းလည်း ရေးဖြစ်တယ်လို့ သိရပါတယ်။
“လိပ်ပြာ” Season 1 ကလည်း ပရိသတ်တွေကြိုက်နှစ်သက်ခဲ့တဲ့ ဇာတ်လမ်းတွဲတခု ဖြစ်ခဲ့ပါတယ်။
You may also like these stories:
“ပိုသူလှူ လိုသူကူ” အဖွဲ့နဲ့အတူ ဟင်းချက်ရောင်းပေးတဲ့ မေတ္တာ
“မုန်းစွဲ”ရုပ်ရှင်က ဖြစ်ရပ်မှန် ဖြစ်တာကြောင့် သေချာ ဂရုစိုက်ပြီး ရိုက်ခဲ့ရတယ်