Entertainment

ရုပ်ရှင်လုပ်ငန်းအတွက် ချေးငွေ ထုတ်ပေးရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား တင်ပြ

Want create site? Find Free WordPress Themes and plugins.

ကိုဗစ်ကာလမှာ ရုပ်ရှင်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ကျန်းမာရေးနှင့်အားကစား ဝန်ကြီး၊ ရုပ်ရှင်နယ်ပယ်မှ တာဝန်ရှိသူများ အပြန်အလှန် ဆွေးနွေးခဲ့ရာ ရုပ်ရှင်လုပ်ငန်းများမှာ အသုံးပြုနိုင်ဖို့အတွက် ချေးငွေထုတ်ပေးရန် မင်္ဂလာရုပ်ရှင်ရုံများအုပ်စု ဥက္ကဋ္ဌ ဦးဇော်မင်းက တင်ပြခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အဆိုပါ အပြန်အလှန် ဆွေးနွေးမှုမှာတော့ ဦးဇော်မင်းက ရုပ်ရှင်လုပ်ငန်းရှင်များနဲ့ ရုပ်ရှင်လောကသားများ ကိုယ်စား အချက် ၃ ချက်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ ရုပ်ရှင်ရုံတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ အခြေအနေ ၃ ချက်လောက် တင်ပြချင်ပါတယ်။ နံပါတ် (၁) အချက်ကတော့ ရုပ်ရှင်ရုံတွေကို သင့်တင့်လျောက်ပတ်သော အချိန်၊ အခြေအနေမှာ အမြန်ဆုံး ပြန်ဖွင့်ချင်ပါတယ်။ အဲ့လိုဖွင့်လှစ်တဲ့အခါမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း ဥပဒေများနဲ့အညီ ပြုပြင် မွမ်းမံထားပါမယ်။ ကျန်းမာရေးဝန်ကြီးဌာနက လာရောက် စစ်ဆေးနိုင်ပါတယ်၊ အကြံပြုနိုင်ပါတယ်” လို့ ဦးဇော်မင်းက ပြောပါတယ်။

ဒုတိယအချက်အနေနဲ့ ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ်တဲ့အခါ ထိုင်ခုံများကို ၅၀ ရာခိုင်နှုန်းသာ ရောင်းချ လုပ်ကိုင်လိုပြီး ရောင်းချတဲ့အခါမှာလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များကို လိုက်နာ ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

“ဒုတိယအချက်ကတော့

ကျနော်တို့ ရုပ်ရှင်ရုံတွေကို ပြန်လည် ဖွင့်လှစ်ခွင့်ရမယ်ဆိုရင် ရုပ်ရှင်ရုံတွေရဲ့ထိုင်ခုံတွေကို ၅၀ ရာခိုင်နှုန်းလောက် ရောင်းချလုပ်ကိုင်လိုပါတယ်။ ဒီလို လုပ်ပိုင်ခွင့်ရမယ်ဆိုရင်တော့ ရုပ်ရှင်ရုံလုပ်ငန်းရှင်ရော၊ ထုတ်လုပ်သူ ဇာတ်ကားပိုင်ရှင်ရော၊ ကြည့်ရှုသူ ပရိသတ်ပါ ၃ ဦး အဆင်ပြေသွားမှာဖြစ်ပါတယ်။ ဒီလိုရောင်းချတဲ့အခါမှာလည်း Social Distancing ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်ကို တသွေမသိမ်း အတိအကျ လိုက်နာပြီးတော့ ပြင်ဆင်ထားမှာ ဖြစ်ပါတယ်” လို့ ဦးဇော်မင်းက ပြောပါတယ်။

နောက်ဆုံး အချက်အနေနဲ့တော့ နိုင်ငံတော်မှ ချေးငွေ ထုတ်ပေးရန် တင်ပြခဲ့ပါတယ်။

“နောက်ဆုံးအချက်ကတော့ ကျနော်တို့ အခုအချိန်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ရုပ်ရှင်လောကသားများအတွက် ကိုဗစ်ကာလမှာ နိုင်ငံတော်က ပြည်သူလူထုကို ချပေးနေတဲ့ ကူညီငွေတွေ ထောက်ပံ့ငွေတွေ ရှိပါတယ်။ SME ချေးငွေတွေ ရှိပါတယ်။ အဲဒါကို ရုပ်ရှင်လောကသားများ လုပ်ငန်းရှင်များက တင်ပြချင်ပါတယ်။ အကူအညီ လိုချင်ပါတယ်”

“ဒီအပေါ်မှာလည်း ကတိကဝတ်နဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့အညီ လျှောက်လွှာ တင်ချင်ကြပါတယ်။ ထုတ်လုပ်ခြင်းနဲ့ ရိုက်ကူးခြင်းက တဆက်တည်း ဖြစ်နေတဲ့အတွက် ထုတ်လုပ်ခြင်း ကောင်းရင် ရိုက်ကူးခြင်း ကောင်းမယ်” လို့ ဦးဇော်မင်းက ပြောပါတယ်။

အဆိုပါ တင်ပြချက်ထဲမှ ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ်ခွင့်ရရှိရေးကိုတော့ ၃ ပတ်ခန့် စောင့်ကြည့်ချင်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို ထုတ်ပေးသွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ချေးငွေတင်ပြမှုကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “အခုခေတ်မှာ ဖျော်ဖြေရေးလုပ်ငန်းဟာ Soft Power တခုဆိုပြီးတောာ့ တကမ္ဘာလုံးက လက်ခံထားပါတယ်။ အနုပညာဆိုင်ရာ တိုးတက်မှု၊ သြဇာရှိမှု၊ လွှမ်းမိုးမှုဆိုတာ တကမ္ဘာလုံးကို ပြန့်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အားပေးတာပါ။ ကျမတို့နိုင်ငံရဲ့ ရေရှည်အကျိုးအတွက် အနုပညာဆိုင်ရာ လုပ်ငန်းတွေကို အားပေးရမယ်ဆိုတာလည်း မူဝါဒတခုပဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။

နောက်ထပ် တွေ့ဆုံမှုတွေမှာလည်း အနုပညာရှင်များနဲ့ သီးသန့်တွေ့ဆုံမှုများ ပြုလုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

You may also like these stories:

ရုပ်ရှင် ရိုက်ကူးရေးများ ပြန်လည် ခွင့်ပြုတော့မည်

Did you find apk for android? You can find new Free Android Games and apps.
Loading