အဆိုတော် မက်ဒေါနားဟာ COVID-19 ကုသမှုဆိုင်ရာ သတင်းမှားဖြန့်ချိမှုအတွက် Instagram မှာ ပိတ်ပင်ခံလိုက်ရတယ်လို့ သိရပါတယ်။
Follower အရေအတွက် ၁၅ ဒဿမ ၄ သန်းရှိတဲ့ သူ့ရဲ့ အကောင့်မှာ တင်ခဲ့တဲ့ ပို့စ်မှာတော့ လာမယ့်လ အနည်းငယ်အတွင်းမှာ ရောဂါကာကွယ်ဆေး ရရှိနိုင်တော့မှာ ဖြစ်ပေမယ့် ချမ်းသာတဲ့လူတွေကို ပိုချမ်းသာလာစေပြီး ဆင်းရဲတဲ့လူတွေကတော့ ပိုဖျားနာလာကြလိမ့်မယ့် လျှို့ဝှက်ချက် ရှိနေကြောင်း ဖော်ပြရေးသားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီပို့စ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကုသဆေးအနေနဲ့ hydroxychloroquine ငှက်ဖျားဖြတ်ဆေးကို ချီးကျူးဖော်ပြထားတဲ့ အမေရိကန်သမားတော် Stella Immanuel ရဲ့ ဗီဒီယိုကိုပါ ပူးတွဲဖော်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက Immanuel ရဲ့ ပြောစကား ဗီဒီယိုတွေဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပေမယ့် hydroxychloroquine ဟာ COVID-19 ကို တိုက်ဖျက်မယ့်အစွမ်း ရှိတယ်လို့ သက်သေထူနိုင်ခြင်း မရှိသေးပါဘူး။
Instagram ကို ပိုင်ဆိုင်တဲ့ Facebook မှာ ပြောခွင့်ရအမျိုးသမီးတဦးက “COVID-19 အတွက် ကုသခြင်းနဲ့ ကာကွယ်ရေး နည်းလမ်းတွေအကြောင်း မှားယွင်းပြောဆိုမှုတွေ လုပ်ထားတဲ့ ဒီဗီဒီယိုကို ကျမတို့ ဖယ်ရှားခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုကို မျှဝေတဲ့သူ၊ မှတ်ချက်ပေးတဲ့သူနဲ့ တုံ့ပြန်တဲ့သူတွေဟာ အဲ့ဒီဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ညွှန်ကြားချက်ဆိုင်ရာ သတင်းတွေကို တိုက်ရိုက် မြင်တွေ့ရမှာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
မက်ဒေါနားရဲ့ အဲ့ဒီပို့စ်ကို ဖျက်လိုက်ပေမယ့် မဖျက်ခင် အဲ့ဒီဗီဒီယိုကို မှုန်ဝါးအောင် ပြုလုပ်ခဲ့ပြီး လွတ်လပ်တဲ့ အချက်အလက် စစ်ဆေးသူတွေရဲ့ ကြည့်ရှုစစ်ဆေးမှုနဲ့ သတင်းအမှားဖြစ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကတော့ အခု သီတင်းပတ်ထဲ သူ့ရဲ့ Follower ၈၄ သန်းရှိတဲ့ Twitter အကောင့်မှာ ဗီဒီယိုများစွာကို တင်ခဲ့ပြီး အဲ့ဒီနောက်ပိုင်း ပို့စ်တွေအားလုံးကို ပြန်လည် ဖယ်ရှားခဲ့ပါတယ်။ သားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာကတော့ အဲ့ဒီဗီဒီယိုတချို့ကို ဝေမျှခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့မှာ Twitter အသုံးပြုမှု ယာယီ ရပ်နားခဲ့ပါတယ်။
သမားတော် Immanuel က “ဘယ်သူကမှ ဖျားဖို့ မလိုအပ်ပါဘူး။ ဒီဗိုင်းရပ်စ်က ကုသနိုင်ပါတယ်။ အဲ့ဒါကတော့ hydroxychloroquine ဖြစ်ပါတယ်” လို့ ဗီဒီယိုထဲမှာ ပြောဆိုထားပါတယ်။ သူဟာ Mask တပ်တာနဲ့ Lockdown ချတာတွေကို ဆန့်ကျင်တဲ့သူတယောက်လည်း ဖြစ်ပါတယ်။
အဆိုတော် မက်ဒေါနားဟာ အခုနှစ် အစောပိုင်း ပဲရစ်မြို့မှာပြုလုပ်မယ့် ဖျော်ဖြေပွဲကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဖျက်သိမ်းလိုက်ရပြီး ပြီးခဲ့တဲ့ မေလမှာတော့ ပြန်လည် သက်သာလာပြီဖြစ်ကြောင်း ပြောကြားထားပါတယ်။
Ref: straitstimes
You may also like these stories:
ရုပ်ရှင်လုပ်ငန်းအတွက် ချေးငွေ ထုတ်ပေးရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား တင်ပြ
မင်းသား Tom Hanks တို့ ဇနီးမောင်နှံ ဂရိနိုင်ငံသားအဖြစ် ခံယူ
မက္ကဆီကိုမှာ Formula One ကားပြိုင်ကွင်းကို ရုပ်ရှင်ရုံအဖြစ် အသွင်ပြောင်း