MNTV ရုပ်သံလိုင်းမှာ မကြာခင် ထုတ်လွှင့် ပြသမယ့် “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲမှာ မိုးနတ်သားအဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ ခါရာက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“”ရင်ခုန်သံ ၇၄ ရက်”ဆိုတဲ့ ဇာတ်လမ်းလေးက စိတ်ကူးယဉ် အချစ်ဇာတ်လမ်းလေးပါ။ ကျနော့် ကာရိုက်တာ မိုးနတ်သားကို အကောင်းဆုံး ဖန်တီးထားတယ်။ တချို့ကလည်း ထင်ယောင်ထင်မှား ဖြစ်တယ်။ သိကြားမင်းလို့ ပြောကြတယ်။ သိကြားမင်းလည်း မဟုတ်ဘူး။ စိတ်ကူးယဉ် ဇာတ်ကောင်ပဲ။ အပြင်မှာ မရှိဘူး။ ထူးခြားတဲ့ ကာရိုက်တာကို ပရိသတ်တွေ မြင်ရမှာပါ။ တကယ်ကို ထူးခြားပြီးတော့ သူ့ ပုံပန်းသဏ္ဍာန်တွေ၊ ပုံစံတွေကအစ သေချာကို ကြိုးစားပြင်ဆင်ပြီး အကောင်းဆုံး လုပ်ထားတယ်”လို့ ခါရာက ပြောပါတယ်။
အဆိုပါ ကာရိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်မှု အမျိုးမျိုး ရှိနေတဲ့အပေါ်လည်း ခါရာက သူ့အတွက် စိန်ခေါ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
“လူတိုင်းက သူ့အမြင် ကိုယ့်အမြင် မတူနိုင်တာကြောင့် ကာဗာကြည့်ပြီး ပြောကြလိမ့်မယ်။ ကာဗာပဲကြည့်ပြီး မပြောစေချင်ဘူး။ ဇာတ်လမ်းထွက်လာမှ သေချာကြည့်ပြီး ပြောစေချင်ပါတယ်။ ကျနော်က အဲ့ကာရိုက်တာကို ကြည့်တိုင်း စိတ်ချမ်းသာတယ်။ ကျနော့်အတွက်လည်း စိန်ခေါ်မှု ဖြစ်တယ်။ မိုးနတ်သား ဇာတ်ကောင်ကို ကြိုးစားပြီး သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေ ကျေနပ် အားရမယ်လို့ ထင်ပါတယ်”လို့ ခါရာက ပြောပါတယ်။
ထူးခြားစွာ ဖန်တီးထားတဲ့ မိုးနတ်သား ဝတ်စုံနဲ့ ပါဝင်ထားတဲ့ ခါရာက ရိုက်ကွင်း အမှတ်တရတွေလည်း အများကြီးပဲလို့ ဆိုပါတယ်။
“ဝတ်စုံကိုစပြီး မြင်ရတဲ့အချိန်မှာ ကျနော် Surprise ဖြစ်သွားတယ်။ ဒီဇိုင်နာ သေချာပြင်ဆင်ထားတာကို တွေ့ရတယ်။ ဝတ်လိုက်ချိန်မှာလည်း ကာရိုက်တာနဲ့ ကွက်တိလို့ ခံစားရတယ်။ ဒီဝတ်စုံ ဝတ်လိုက်ချိန်မှာ ဖြစ်သွားတဲ့ စိတ်ခံစားမှုတွေက တကူးတက လိုက်လုပ်စရာ မလိုဘူး။ ရိုက်ကွင်းတုန်းက အမှတ်တရတွေလည်း အများကြီးပါပဲ။ တကယ်ကိုလည်း နတ်ပြည်အခန်းတွေ ရိုက်ရင် အဲ့ဝတ်စုံနဲ့တောင်တွေ တက်ရတယ်”
“အဲ့ဝတ်စုံဝတ်ဖို့ ၂ နာရီလောက် ကြာတယ်။ မိတ်ကပ်၊ ဆံပင်၊ ဝတ်စုံပြင်ဆင်ဖို့ ၃ ယောက်လောက် ဝတ်ပေးရတယ်။ အခက်အခဲတွေက တော်တော်လည်း များပါတယ်။ ကျနော်တို့က ဇာတ်လမ်းကို စရိုက်မယ်ဆိုကတည်းက စိန်ခေါ်မှုများမယ်လို့ တွေးထားပြီးသားပါ။ ကျနော်တို့ လုပ်နိုင်တာထက်ကို စိန်ခေါ်ပြီး လုပ်ထားတာပါ”လို့ ခါရာက ပြောပါတယ်။
“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲကိုတော့ သြဂုတ်လအတွင်းမှာ MNTV ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာတော့ ခါရာ၊ မိုးယံဇွန်၊ မြတ်နိုးအေး၊ ပြည့်ဝတီမောင်၊ မေသူထွန်း၊ ထက်ဦးထွဋ်တို့ ပါဝင်သရုပ်ဆောင်ထားကာ ရွှေရည်ရွှန်းလဲ့ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ မေဘရဏီက ရိုက်ကူးထားတာ ဖြစ်ပါတယ်။
You may also like these stories:
“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲက စိတ်ကူးယဉ် ဇာတ်လမ်းပါ
COVID-19 နဲ့ ပတ်သက်ပြီး လူထူထပ်တဲ့ နေရာတွေ မသွားဖို့ ခါရာ တိုက်တွန်း
ရှန်ဟိုင်းမှာ သွားရောက် ရိုက်ကူးမယ့် မီနီစီးရီး ရက်ရွှေ့ထားတဲ့အကြောင်းပြောပြတဲ့ ခါရာ
“ရင်ခုန်သံ ခုနှစ်ဆယ့်လေးရက်”ထဲက ဇာတ်ရုပ်က အပြင်ကပုံစံနဲ့ တူတယ်လို့ ခါရာ ပြော