COVID-19 ရောဂါကြောင့် ရုပ်ရှင်ရိုက်ကူးရေးတွေ ရပ်နားခဲ့ရပြီးနောက်ပိုင်းမှာ မကြာသေးခင် ရက်ပိုင်းအတွင်းက ရိုက်ကူးရေးများကို ပြန်လည် ရိုက်ကူးရန် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဒီလို ခွင့်ပြုလိုက်တဲ့အပေါ်မှာလည်း စည်းကမ်းချက်များကို ချမှတ်ထားပြီး အခုလို စည်းကမ်းများချမှတ်တာဟာလည်း မိဘက သားသမီးကို စိုးရိမ်တာကြောင့် ပြောတဲ့အရာတွေ ဖြစ်တယ်လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။
“ကောင်းပါတယ်။ မိဘကနေ နေထိုင်မကောင်းမှာ စိုးရိမ်တဲ့အတွက်ကြောင့် အကုန်လုံးကို စည်းနဲ့ကမ်းနဲ့ နေစေချင်လို့ ဆုံးမ လမ်းညွှန်တဲ့ပုံစံပါပဲ။ အဲဒါကို သားသမီးဖြစ်တဲ့သူတွေက သဘောတခု အနေနဲ့ နိုင်ငံတော်နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားတဲ့အတိုင်း သားသမီးဖြစ်တဲ့ ပြည်သူလူထုက မိဘစကားကို နားထောင်သလို နားထောင်ရမှာပေါ့” လို့ သည်ခေတ်နေက ပြောပါတယ်။
ရိုက်ကူးရေးများ ပြန်လုပ်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမှာဖြစ်သလို ပတ်ဝန်းကျင်က လူများကိုလည်း ဂရုစိုက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ပထမဦးဆုံးအနေနဲ့တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မယ်။ ပြီးရင် ဖန်သားပြင်နောက်က ကျနော်တို့နဲ့ အတူတူ ရိုက်နေတဲ့ စက်မှုလုပ်သားတွေ တယောက်ချင်းစီကိုလည်း ဂရုစိုက်ပေးမယ်။ ပါဝင်မယ့် သရုပ်ဆောင်တွေကိုလည်း ဂရုစိုက်မယ်။ ပြီးတော့ ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်မယ်။ အဲ့လိုနဲ့ ကျနော်တို့ အလုပ်ပြန်လုပ်ကြမယ်ပေါ့” လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။
ဒါ့အပြင် စည်းကမ်းချက်များထဲမှာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရာမှာ ချစ်ခန်းကြိုက်ခန်း ရိုက်တဲ့အခါမှာလည်း စည်းကမ်းချက်များ သတ်မှတ်ထားတဲ့အပေါ် အခုလို ပြောပြခဲ့ပါတယ်။
“Love Scene ဖြစ်တဲ့အတွက်ကြောင့် တယောက်နဲ့ တယောက် ချစ်ခန်းကြိုက်ခန်းဆိုတော့ ဓလေ့အရဖက်ရမယ်ပေါ့။ ရုပ်ရှင်အတတ်ပညာမှာကျတော့ တယောက်နဲ့ တယောက် စကားပြောခန်းမှာတောင် တယောက်တည်းကို အရင်ရိုက်တာ ရှိတယ်”
“ဒါကတော့ ရုပ်ရှင်ပုံစံ ဖြစ်နေတဲ့အတွက် ညွှန်ကြားတဲ့ထဲမှာဒါကိုလည်း ကြားလိုက်တယ်ဆိုတော့ ထိတွေ့မှု အနည်းဆုံးဖြစ်အောင် ဘယ်လို လုပ်ကြမလဲ။ ရိုက်လို့ရတာတွေ ရှိတယ်။ ရိုက်လို့ မရတာတွေလည်း ရှိတယ်။ အထူးဂရုစိုက်ရမှာတွေတော့ ရှိတာပေါ့” လို့ သည်ခေတ်နေက ပြောပါတယ်။
ဒါရိုက်တာ သည်ခေတ်နေကတော့ သူ့ရဲ့ရိုက်ကူးလက်စ ဇာတ်လမ်းတွဲဖြစ်တဲ့ “ဧဒင် Challenge” မှာတော့ ချစ်ခန်းကြိုက်ခန်း မပါတာကြောင့် ထွေထွေထူးထူး ရှောင်စရာမလိုတော့ဘူးလို့ ဆိုပါတယ်။
ရုပ်ရှင်လုပ်ငန်းဆိုတာဟာ နိုင်ငံတနိုင်ငံမှာ အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အတွက် ချမှတ်ထားတဲ့ စည်းကမ်းများကို သေချာလိုက်နာရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါရိုက်တာ သည်ခေတ်နေကတော့ MRTV-4 မှာ ပြသခဲ့တဲ့ “မနေ့ကဖြစ်သည်” ၊ “ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲများကို ရိုက်ကူးခဲ့ပြီး လက်ရှိမှာလည်း “ဧဒင် Challenge” ဇာတ်လမ်းတွဲကို ဆက်လက်ရိုက်ကူးနေတာ ဖြစ်ပါတယ်။