အမေရိကန်ဘောလုံးလိဂ် “XFL” ကို မင်းသား The Rock ဝယ်ယူ
နပန်းသမားဟောင်းနဲ့ ဟောလိဝုဒ်မင်းသား Dwayne Johnson ဟာ ဇနီးဟောင်း Dany Garcia ၊ ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီ RedBird Capital Partners တို့နဲ့ ပူးပေါင်းပြီး အမေရိကန်ဘောလုံးလိဂ်ဖြစ်တဲ့ “XFL” ကို ဒေါ်လာ ၁၅ သန်းနဲ့ ဝယ်ယူလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီ အမေရိကန်ဘောလုံးလိဂ်ဟာ ဒေဝါလီခံခဲ့ရပြီးတဲ့နောက် လေလံဆွဲဖို့ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။
XFL ရဲ့ မိခင်ကုမ္ပဏီ Alpha Entertainment LLC ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးအတွက် အနိုင်ရ လေလံဆွဲသူအဖြစ် မင်းသားတို့အဖွဲ့ကို ရွေးချယ်လိုက်တာ ဖြစ်တဲ့အကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။
XFL လိဂ်ဟာ COVID-19 ကပ်ရောဂါကြောင့် ကျန်ရှိတဲ့ ရာသီပွဲစဉ်တွေကို ဖျက်သိမ်းလိုက်ရပြီး တလအကြာ ဒေဝါလီကာကွယ်မှု လုပ်ဆောင်ဖို့လည်း ပြင်ဆင်နေပါတယ်။
စီစဉ်ထားတဲ့ လိဂ်ပွဲစဉ် ၁၀ ပွဲမှာ ၅ ပွဲကစားဖို့ ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။ XFL ဥက္ကဋ္ဌနဲ့ စီအီးအို Jeffrey Pollack က “ဒီနေ့ရလဒ် အတွက် ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျနော်တို့ရောင်းချရေး လုပ်ငန်းစဉ်ရဲ့ အဆုံးသတ်ဖြစ်ပြီး လိဂ်အတွက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကဏ္ဍသစ်တခုဖြစ်ပါတယ်” လို့ ဆိုပါတယ်။
The Rock လို့ လူသိများတဲ့ မင်းသား Johnson ဟာ “Fast & Furious” နဲ့ “Jumanji” တို့လိုမျိုး ရုပ်ရှင်တွေနဲ့ နာမည်ကျော်ကြားသူတဦးလည်း ဖြစ်ပါတယ်။
မင်းသား Johnson က “ကျနော့်ကိုယ်ပိုင်လက်နှစ်ဖက်နဲ့ ကျေးဇူးတရား၊ စိတ်အားထက်သန်မှုတို့နဲ့အတူ ကျနော့်ရဲ့ အနုပညာလမ်းကြောင်းကို တည်ဆောင်နိုင်ခဲ့ပြီး အခုတော့ XFL 2020 ကိုလည်း ဆက်လက်လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ထူးခြားတာ တခုခုကို ဖန်တီးဖို့ စိတ်လှုပ်ရှားနေပါပြီ” လို့ Twitter မှာရေးသားခဲ့ပါတယ်။
Miami တက္ကသိုလ်မှာ ဘောလုံးကစားသမားတယောက် ဖြစ်ခဲ့ဖူးတဲ့ အသက် ၄၈ နှစ်အရွယ် မင်းသားဟာ ၁၉၉၅ ခုနှစ် NFL Draft မှာ ပါဝင်ခဲ့ပြီးတဲ့နောက် နပန်းလောကထဲကို ပြောင်းလဲ ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။
Ref:Reuters
You may also like these stories:
မုန်တိုင်းကာလအတွင်း ဖလော်ရီဒါပြည်နယ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ မြင့်တက်
“တပွဲတလမ်း အကဲစမ်းမလား”လို့ Johnny Depp ကို သူဌေး Elon Musk စိန်ခေါ်
COVID-19 သတင်းမှား ဖြန့်ချိမှုကြောင့် မက်ဒေါနား ပို့စ်အပိတ်ခံရ