မကြာခင် မြန်မာနိုင်ငံမှာ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းများ သွားကြည့်ကာ အစိုးရတရပ်တည်း ပြတ်ပြတ်သားသား အလုပ်လုပ်နိုင်ရန် မဲပေးဖြစ်အောင် ပေးကြပါလို့ သရုပ်ဆောင် ဇဏ်ခီက ပြောပါတယ်။
“အခုဆိုရင် ကျနော်ကြားတာ မဲစာရင်းတွေ သွားကြည့်တဲ့အထဲမှာ နာမည်မပါတာတွေ ရှိတယ်။ တချို့ဆို မိသားစုလိုက်ကြီးကို နာမည်မပါတဲ့သူ ရှိတယ်ဆိုတော့ ဒါလေးက သေချာစိစစ်ပြီးတော့ လုပ်ပေးကြပါဦးလို့။ အင်မတန် အရေးကြီးလို့ပါ”
“Error များပြီးတော့ မဲပေးခွင့် မရှိတဲ့သူ များလာပြီဆိုရင် ကျနော်တို့ မလိုလားအပ်တဲ့ အစိုးရ ဖွဲ့စည်းပုံမျိုး ဖြစ်သွားလိမ့်မယ်။ အခု လူတွေပြောနေတဲ့ ညွှန့်ပေါင်းအစိုးရလိုမျိုး ဖြစ်သွားလိမ့်မယ်။ တခြားအစိုးရတွေနဲ့ အလုပ်တွေတွဲပြီး လုပ်သွားရတာမျိုးပေါ့နော်” လို့ ဇဏ်ခီက ပြောပါတယ်။
မြန်မာနိုင်ငံက ညွှန့်ပေါင်းအစိုးရဖြစ်ဖို့အတွက် အဆင်သင့်မဖြစ်သေးတာကြောင့် အစိုးရ တရပ်တည်းက ပြတ်ပြတ်သားသား အလုပ်လုပ်နိုင်ဖို့ အင်မတန် အရေးကြီးတယ်လို့ ဆိုပါတယ်။
“လောလောဆယ်တော့ ကျနော်တို့နိုင်ငံက ညွှန့်ပေါင်းအစိုးရဖြစ်ဖို့အတွက် အဆင်သင့် မဖြစ်သေးပါဘူး။ ညွှန့်ပေါင်းအစိုးရ မကောင်းဘူးလို့ ကျနော် မပြောပါဘူး။ ဒါပေမဲ့ ကျနော်တို့နိုင်ငံက အဆင်သင့်မဖြစ်သေးဘူး။ ဒါကြောင့်မို့ Vote ပေးနိုင်ဖို့ အစိုးရ တရပ်တည်းကပဲ ပြတ်ပြတ်သားသား အလုပ်လုပ်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ မဲပေးဖြစ်အောင် ပေးကြပါ။ မဲစာရင်းကို သွားစစ်ဖြစ်အောင် စစ်ကြပါ” လို့ ဇဏ်ခီက ပြောပါတယ်။
မဲစာရင်း မစစ်ရသေးပါက သွားရောက် စစ်ဆေးရန်လည်း သတိပေးထားပြီး မဲစာရင်းမှာ နာမည်မပါခဲ့ပါက တကယ် မဲပေးချိန်ရောက်ရင် နစ်နာတယ်လို့ ဆိုပါတယ်။
“အားလုံး မဲစာရင်းတွေ သွားပြီးတော့ မစစ်ရသေးရင် စစ်ကြပါဦးလို့ ကျနော် သတိပေးတာပါ။ ၇ ရက်နေ့အထိပဲ စစ်လို့ရတယ်လို့လည်း ကြားပါတယ်။ ၇ ရက်နေ့နောက်ပိုင်းဆိုရင် ကိုယ့်နာမည် ပါမလာခဲ့သည်ရှိသော် ဘာမှပြန်လုပ်ပေးလို့ မရတော့ဘူး။ တကယ် မဲပေးချိန်ရောက်ရင် မဲပေးခွင့် မရှိတော့မှာစိုးလို့ပါ။ အဲဒါဆိုရင်တော့ အင်မတန် နစ်နာတယ်ပေါ့” လို့ ဇဏ်ခီက ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာတော့ အသက်ပြည့်သွား၍ မဲပေးရမယ့် လူဦးရေ ၅ သန်းနီးပါး ရှိနေပြီး အဆိုပါ ၅ သန်းသော ပြည်သူများကိုလည်း မဲပေးရန် တိုက်တွန်းခဲ့ပါတယ်။
“ဒီတခေါက်ဆိုရင် ပထမဆုံးအကြိမ် မဲပေးမယ့်သူ၊ အသက်ပြည့်သွားလို့ မဲပေးရမယ့်သူ ၅ သန်းနီးပါးလောက် ရှိတယ် ကြားပါတယ်။ ၅ သန်းသော လူများကိုလည်း တိုက်တွန်းပါတယ်။ နှိုးဆော်ပါတယ်။ မဲစာရင်း သွားစစ်ကြပါ။ မဲသွားပေးဖြစ်အောင် ပေးကြပါ” လို့ ဇဏ်ခီက ပြောပါတယ်။
အခုလို ဒီမိုကရေစီစနစ် ဖြစ်လာရန်အတွက် မျိုးဆက်ပေါင်းများစွာ ကြိုးစားခဲ့ရတာဖြစ်တဲ့အတွက် ခိုင်ခိုင်မာမာ ဖြစ်သွားစေရန်အတွက် လုပ်ဆောင်ဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။
“ဒီလိုမျိုး မဲပေးပြီးတော့ ကိုယ့်မိသားစုအတွက် ကိုယ့်နိုင်ငံအတွက် အလုပ်လုပ်ပေးမယ့်အစိုးရကို ကိုယ်ကိုယ်တိုင် ရွေးချယ်ခွင့်ရမယ်။ ဒီလိုမျိုး ဒီမိုကရေစီစနစ် ဖြစ်လာဖို့ကို မျိုးဆက်ပေါင်းများစွာ ကြိုးစားပြီးတော့မှ စတာ ဖြစ်တဲ့အတွက် ခိုင်ခိုင်မာမာဖြစ်သွားဖို့ အင်မတန်မှ တက်တက်ကြွကြွနဲ့ လုပ်ဆောင်ဖို့အရေးကြီးတယ်။ ဒီစနစ်ကို ကျင့်သုံးဖို့ အရေးကြီးတယ်” လို့ ဇဏ်ခီက ပြောပါတယ်။
အဆိုပါ အကြောင်းအရာများကိုတော့ ဇဏ်ခီက သူ့ရဲ့ Facebook စာမျက်နှာကတဆင့် ပရိသတ်များကို ကိုယ်တိုင် ပြောပြထားတာ ဖြစ်ပါတယ်။
You may also like these stories:
မဲစာရင်းစစ်ကြရန် အနုပညာရှင်များ တိုက်တွန်း
ဝင်းဦးရဲ့ သီချင်းကို အသံတုလုပ် သီဆိုသရုပ်ဆောင်ခဲ့တဲ့ နေတိုး
ဝါသနာပါတဲ့ သီချင်းဆိုချင်စိတ်ကို အကောင်အထည်ဖော်မယ့် မိုးဟေကို