အဆိုတော် ယုန်လေး ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူး ပုံဖော်ထားတဲ့ “ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video ကို ယနေ့ သြဂုတ်လ ၄ ရက်နေ့က အွန်လိုင်းပေါ်မှာ တင်ခဲ့ရာ ပုံဖော်ထားတဲ့ ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာ ကြုံတွေ့နေရပါတယ်။
အဆိုပါ အကြောင်းအရာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့သူများထဲမှ တဦးကိုတော့ အဆိုတော် ယုန်လေးက အခုလိုပဲ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။
“လူနာမည် မထည့်တာ သူ့ကိုလည်း မမုန်းစေချင်လို့ပါ။ ကျနော့်မှာ စည်းလုံးစေချင်တဲ့စိတ်ပဲ ရှိပါတယ်။ သူ့လို အတွေးမျိုး အတွေးထဲကတောင် မတွေးရက်သလို အဲ့လိုအတွေးလည်း မရှိခဲ့ပါဘူး။ ကျနော်လည်း အမေစုကို ချစ်တဲ့လူပါ။ အမြဲတမ်းမျှတအောင် တွေးပါတယ်။ ဘာသာရေးဆိုလည်း ဒီအတိုင်းပါပဲ ခင်ဗျာ။ ဘာသာတိုင်းကို Respect ရှိပါတယ်။ ကျနော်တင်တဲ့ Post တွေ ကြည့်ရင် ကျနော့်စိတ်ဓာတ်ကို သိနိုင်ပါတယ်” လို့ ယုန်လေးက ပြောပါတယ်။
“ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video ကိုတော့ သြဂုတ် ၄ ရက်နေ့ မနက်ပိုင်းက “Original Gangster” Page မှာ တင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကြည့်ရှုသူ ၁၉ သိန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။
ဒီသီချင်းကိုတော့ ယုန်လေးက ၂၀၁၈ ခုနှစ်၊ ၉ လပိုင်းက စတင် ရေးသားခဲ့တာဖြစ်ပြီး စာသားအပြည့်အစုံကိုတော့ ယခု ၂ လအတွင်း ဖန်တီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီသီချင်းလေး စရေးတာ ၁၂ ရက်၊ ၉ လ၊၂၀၁၈ ခုနှစ်ကပါ။ ပြည့်ပြည့်စုံစုံ Rap တွေ Bridge ၊ Group အတွက် CHO တွေကတော့ ဒီ ၂ လအတွင်းမှာ ဖန်တီးခဲ့ပါတယ်။ စာသားတကြောင်းတကြောင်း ရတိုင်း မျက်ရည်တွေဝဲစို့ပြီး ဖန်တီးခဲ့ပါတယ်။ သီချင်းပြီးတော့ အရုပ် ရိုက်ကူးရေးအတွက် စိတ်ကူးနဲ့ အရုပ် မြင်ပြီး စဉ်းစားချိန် မျက်ရည်တွေကျပြီး ဘာဖြစ်ဖြစ် ဒီအတိုင်း ရိုက်မယ်ဆိုပြီး အရဲစွန့် ဖန်တီးခဲ့ပါတယ်။ ဆုံးအောင် ကြည့်ပေးစေချင်ပါတယ်” လို့ ယုန်လေးက ပြောထားပါတယ်။
အဆိုပါ အကြောင်းအရာကိုတော့ ယုန်လေးက Music Video မတင်ခင်က သူ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်မှာ ရေးသားကာ ပြောပြထားတာ ဖြစ်ပါတယ်။ ဒီသီချင်းမှာ အဆိုတော်များစွာ ပါဝင်သီဆိုထားတာဖြစ်ပြီး တချို့သော အဆိုတော်များကတော့ Music Video ရဲ့အကြောင်းအရာကို သေချာ မသိရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
အဆိုတော် ယုန်လေးကို ဧရာဝတီ သတင်းဌာနက ဆက်သွယ် မေးမြန်းရာမှာလည်း လတ်တလော ဖြေကြားဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။
You may also like these stories:
ကြံရည်ရောင်းတဲ့ Rap ဝါသနာရှင်ကို သီချင်းပေးဆိုခဲ့တဲ့ ယုန်လေး
COVID-19 နဲ့ ပတ်သက်ပြီး “Save the world” သီချင်း ဖန်တီးခဲ့တဲ့ ယုန်လေး
“အခြေခံလူတန်းစားတွေ ဘာမှမဖြစ်စေနဲ့”လို့ ဆုတောင်းပေးတဲ့ အဆိုတော် ယုန်လေး