Walt Disney ကုမ္ပဏီကနေ ဖြန့်ချိတဲ့ “Mulan” ရုပ်ရှင်ကို ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံအများစုမှာ ပြသမှာ မဟုတ်ဘဲ ကုမ္ပဏီရဲ့ Streaming ပလက်ဖောင်းကနေ လာမယ့် စက်တင်ဘာလမှာ ပြသမှာဖြစ်တယ်လို့ သိရပါတယ်။
Disney+ ကို အမေရိကန်နိုင်ငံကနေ Subscribe ပြုလုပ်ထားသူတွေအနေနဲ့ “Mulan” ရုပ်ရှင်ကို ကြည့်ရှုဖို့ ဒေါ်လာ ၃၀ ပေးဖို့ လိုအပ်မှာဖြစ်တယ်လို့ Disney အမှုဆောင်အရာရှိချုပ် Bob Chapek က ပြောဆိုပါတယ်။ အနောက်ဥရောပ ဒေသအချို့၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန်တို့ အပါအဝင် တခြားနိုင်ငံတွေမှာတော့ အဲ့ဒီကုန်ကျစရိတ်က အနည်းငယ် ကွာခြားမှု ရှိမယ်လို့ Chapek က ဆိုပါတယ်။
COVID-19 ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လလယ်လောက်စလို့ ရုပ်ရှင်ရုံတွေကို ပိတ်ထားခဲ့ပြီးတဲ့နောက် အခုအထိ အမေရိကန်နိုင်ငံက ရုပ်ရှင်ရုံတွေ ပြန်ဖွင့်၊ မဖွင့်ဆိုတဲ့ မရေရာမှုတွေကြားမှာ အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
“Mulan” ရုပ်ရှင်ကို Disney+ ရယူနိုင်ခြင်း မရှိတဲ့ ဒေသက ရုပ်ရှင်ရုံတွေနဲ့ ပြန်ဖွင့်နေပြီဖြစ်တဲ့ ရုပ်ရှင်ရုံတွေမှာတော့ လာမယ့် စက်တင်ဘာလ ၄ ရက်နေ့ဆိုရင် ရုံတင်မှာ ဖြစ်ပါတယ်။
ထုတ်လုပ်မှုကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ ရှိထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ Disney ရဲ့ ဂန္တဝင်ကာတွန်းတခုကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး အဲ့ဒီရုပ်ရှင်မှာ တရုတ်အမျိုးသမီး စစ်သည်တော်အဖြစ် မင်းသမီး Yifei Liu က သရုပ်ဆောင်ထားပါတယ်။
ရုံပေါ်မှာ ပုံမှန်ဆိုရင် ၃ လကြာ ပြသလေ့ရှိတဲ့ ရုပ်ရှင်တွေကို အခု ၃ ပတ်ကာလ ပြသပြီးတဲ့အချိန်မှာတော့ ပရိသတ်တွေထံ တိုက်ရိုက် ကြည့်ရှုခွင့်ပေးနိုင်ဖို့ ရုပ်ရှင်လုပ်ငန်းစု AMC Entertainment Holdings နဲ့ Universal Pictures တို့ကြား ပြီးခဲ့တဲ့ ဇူလိုင်လမှာ သဘောတူညီချက် ရခဲ့ပြီးတဲ့နောက် Disney ရဲ့ အခုလို အပြောင်းအလဲ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
“Mulan” ရုပ်ရှင်အတွက် အစီအစဉ်ဟာ ကပ်ရောဂါ ကာလအတွင်း တကြိမ်သာပြုလုပ်မယ့် အပြောင်းအလဲသာဖြစ်ပြီး Disney ရဲ့ ကာလရှည်ရုပ်ရှင်ပြသမှု အစီအစဉ်မှာ အပြောင်းအလဲ ပြုလုပ်မယ်ဆိုတဲ့ အချက်ပြမှု မဟုတ်ဘူးလို့ Chapek က ဆိုပါတယ်။
“Mulan” ရုပ်ရှင်ကို ပြီးခဲ့တဲ့ မတ်လတုန်းက ရုံတင်ပြသဖို့ စီစဉ်ခဲ့ပေမယ့် အခုအချိန်အထိ ရုပ်ရှင်ရုံတော်တော်များများကို ဆက်လက် ပိတ်ထားရဆဲဖြစ်တာကြောင့် ဖြန့်ချိပြသမယ့် ရက်ကို အကြိမ်ကြိမ်ရွှေ့ဆိုင်းထားရပြီးလည်း ဖြစ်ပါတယ်။
နွေရာသီနှောင်းပိုင်းကာလမှာ ရုပ်ရှင်ကြည့်ရှုသူတွေ များပြားတတ်တာကြောင့် မကြာသေးခင်တုန်းကတော့ သြဂုတ်လ ၂၁ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လမှာတော့ “Mulan” ပြသမယ့်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း Disney က ကြေညာခဲ့ပါတယ်။
Ref: cnalifestyle
You may also like these stories:
ကိုရီးယား မင်းသားတွေနဲ့ ပရိသတ် တွေ့ဆုံပွဲကို TikTok မှာ ထုတ်လွှင့်မည်
အမေရိကန်ဘောလုံးလိဂ် “XFL” ကို မင်းသား The Rock ဝယ်ယူ