အမေရိကန်ရော့ခ် အဆိုတော်ကြီး Neil Young က သူ့ရဲ့ သီချင်းတွေကို ခွင့်ပြုချက် မရှိဘဲ သုံးစွဲခဲ့တဲ့သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်အဖွဲ့ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ သြဂုတ်လ ၄ ရက်နေ့မှာ တရားစွဲဆိုလိုက်ပါတယ်။
မဟန်တန်မှာရှိတဲ့ အမေရိကန် ခရိုင်တရားရုံးဆီ တင်တဲ့ တိုင်ကြားချက်ထဲမှာ အဆိုတော်ကြီး Young က အိုကလာဟိုးမားပြည်နယ်၊ Tulsa မြို့မှာ ဇွန်လ ၂၀ ရက်နေ့ လူထုစုဝေးပွဲ တခုအပါအဝင် စုဝေးပွဲတွေနဲ့ နိုင်ငံရေးပွဲ အခမ်းအနားတွေမှာ “Rockin’ in the Free World” သီချင်းနဲ့ “Devil’s Sidewalk” သီချင်းတွေ အကြိမ်များစွာ ဖွင့်ခဲ့တာကို ကန့်ကွက်ထားပါတယ်။
၂၀၁၅ ခုနှစ်ကစလို့ သမ္မတ ထရမ့်က သီချင်းတွေ အသုံးပြုခဲ့မှုအပေါ် အဆိုတော်ကြီး Young က စောဒကတက်ထားပြီး သမ္မတရဲ့ မဲဆွယ်ရေးအဖွဲ့ဟာ လိုင်စင်ခွင့်ပြုချက် မရှိတာကိုတောင် သူ့ကို မသိကျိုးကျွံပြုခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့တုန်းက သမ္မတထရမ့်က Mount Rushmore ကို လာရောက် လည်ပတ်ချိန်မှာလည်း သူ့ရဲ့ သီချင်းကို ဖွင့်ခဲ့တာကို ကန့်ကွက်ထားပါတယ်။
အဲ့ဒီတိုင်ကြားချက်ထဲမှာ အဆိုတော် Young ရဲ့ ရှေ့နေတွေက “ဒီတိုင်ကြားချက်ဟာ သူတို့ရွေးချယ်တဲ့ ကိုယ်စားလှယ်ကို လွတ်လပ်စွာ ထောက်ခံနိုင်တဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အတွေးအမြင်နဲ့ အခွင့်အရေးကို မလေးမစားပြုဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့ အမှန်တရားအတွက် တရားလိုပြုသူကတော့ မသိကျိုးကျွံပြုမှုနဲ့ အမုန်းတရားကို လှုံ့ဆော်ပွဲ၊ ခွဲခြားမှု လုပ်တဲ့ပွဲအတွက် အဓိကသီချင်းအနေနဲ့ အသုံးပြုခွင့် ပြုမှာတော့ မဟုတ်ပါဘူး” လို့ တိုင်ကြားချက်ထဲမှာ ပြောဆိုထားပါတယ်။
သမ္မတထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့ကတော့ မှတ်ချက်ပေးပြောဆိုတာမျိုး မရှိသေးပါဘူး။ အဆိုတော် Young ကတော့ အခုလိုမျိုး မူပိုင်ခွင့်ချိုးဖောက်ခံရမှု တခုစီကို ထိခိုက်နစ်နာကြေး ဒေါ်လာ ၁ သိန်းခွဲစီ တောင်းဆိုထားပါတယ်။
ကနေဒါနိုင်ငံမှာ မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ အသက် ၇၄ နှစ်အရွယ် အဆိုတော်ကြီး Young ဟာ ၁၉၉၅ ခုနှစ်မှာ တကိုယ်တော်အနုပညာရှင်အနေနဲ့ ရော့ခ်အန်ရိုး အောင်မြင်မှု လမ်းမထက်ကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ Buffalo Springfield ရော့ခ်တီးဝိုင်း အဖွဲ့ဝင်တဦး ဖြစ်ခဲ့ပါတယ်။
ဂီတပညာရှင်တွေအနေနဲ့ သူတို့ရဲ့ သီချင်းတွေကို နိုင်ငံရေးသမားတွေက ခွင့်ပြုချက် မရှိဘဲ အသုံးပြုတာ ဒါမှမဟုတ် ချိုးဖောက်တာမျိုးကို ဆန့်ကျင်ကန့်ကွက်တာက ပုံမှန်လိုမျိုး ဖြစ်ခဲ့ပါတယ်။
၁၉၈၄ ခုနှစ်တုန်းက အဆိုတော်ကြီး Bruce Springsteen က “Born in the U.S.A.” ကို ဖြန့်ချိခဲ့ပြီးတဲ့နောက် အဲ့ဒီအချိန်က အမေရိကန်သမ္မတ ရော်နယ်ရေဂန်က သူ့ရဲ့မဲဆွယ်ပွဲကာလအတွင်း အဲ့ဒီအယ်လ်ဘမ်နာမည်ကို အသုံးပြုခဲ့လို့ အဆိုတော်ကြီးဘက်က ကန့်ကွက်တာမျိုး ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း Aerosmith, Rosanne Cash, Green Day, Mick Jagger နဲ့ Keith Richards, Elton John, Linkin Park, Lorde, Pearl Jam နဲ့ Sia တို့ဟာလည်း မဲဆွယ်ပွဲနဲ့ နိုင်ငံရေး အခမ်းအနားတွေမှာ သူတို့ရဲ့ သီချင်းတွေကို မဖွင့်ခင် သူတို့ဆီကနေ ခွင့်ပြုချက်တောင်းခံကြဖို့ နိုင်ငံရေးသမားတွေကို တောင်းဆိုတဲ့ အိတ်ဖွင့် ပေးစာတစောင်ကို ပေးပို့ခဲ့ကြပါတယ်။
Ref: cnalifestyle
You may also like these stories:
“Mulan” ရုပ်ရှင်ကို Disney+ မှတဆင့် ကြည့်ရှုနိုင်တော့မည်
“ကျနော့်မှာ စည်းလုံးစေချင်တဲ့ စိတ်ပဲ ရှိပါတယ်”လို့ ယုန်လေး ပြော
ကိုရီးယား မင်းသားတွေနဲ့ ပရိသတ် တွေ့ဆုံပွဲကို TikTok မှာ ထုတ်လွှင့်မည်