လတ်တလော ဝေဖန်ခံနေရတဲ့ အဆိုတော် ယုန်လေး ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video ကို ရိုက်ကူးဖို့အတွက် ရုပ်ရှင်အစည်းအရုံးကို မတင်ပြခဲ့သလို ဆင်ဆာလည်း မတင်ခဲ့ဘူးလို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ဆီကို မတင်ပြခဲ့ဘူး။ ဆင်ဆာလည်း မတင်ဘူးနဲ့ တူတယ်။ Music Video သာ ပြောတယ်။ ဇာတ်လမ်းပုံစံတွေ ဘာတွေလည်း လုပ်ထားတော့လေ။ နောက်တခုက သူကပညာပေးလည်း မဟုတ်ဘူး။ စေတနာကသာ စည်းလုံးရေးအတွက်လို့ ကြွေးကြော်ပေမယ့် ကျနော်တို့ ခံစားရတာတော့ စေတနာနဲ့ စည်းလုံးရေးလို့ မမြင်ဘူး။ ကျနော်တို့ ခံစားရတာတော့ စော်ကားတာလို့ပဲ မြင်တယ်”လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
လတ်တလောမှာတော့ မနေ့ကမှ (သြဂုတ်လ ၄ ရက်နေ့) ဖြစ်သွားခဲ့တာကြောင့် ဘာမှ မလုပ်ရသေးဘူးလို့ သိရပါတယ်။
“အခု လောလောဆယ်ကတော့ မနေ့ကမှ ဒီကိစ္စကဖြစ်တာ။ ကျနော်တို့ အစည်းအရုံးမှာတော့ မနေ့ကအထိတော့ ဘာကိစ္စမှ မသိရသေးဘူး။ အကုန်လုံးက Facebook မှာ တက်လာမှ သိကြတာ။ ဒီနေ့ကလည်း နေမကောင်းလို့ ရုံးမသွားဘူးဆိုတော့ သိပ်တော့ သေချာမသိသေးဘူး”လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
အဆိုပါ Music Video ကိုတော့ ဦးညီညီထွန်းလွင်က သူ့ရဲ့အမြင်နဲ့ ခံစားချက်ကို အခုလို ပြောပြခဲ့ပါတယ်။
“အစည်းအရုံးအနေနဲ့ရယ် မဟုတ်ပါဘူး။ ကျနော့် တကိုယ်ရည် အနေနဲ့ဆိုရင်တော့ မကြိုက်ဘူး။ ကျနော် စော်ကားတယ်လို့ ခံစားရတယ်။ သမိုင်းအမှားတွေနဲ့ ပစ်စလက်ခတ် လုပ်လိုက်တာ။ ပြောရရင်တော့ သူ့သမိုင်းကြောင်းကလည်း ယုံကြည်လောက်စရာ ဘာမှမရှိတော့ စေတနာနဲ့ လုပ်တယ်ဆိုတာကို လက်မခံနိုင်ဘူး။ ယုံလည်း မယုံကြည်ဘူး။ သူများဆိုရင်တော့ တမျိုးပေါ့။ သူဖြစ်နေတော့”
“၂၀၁၅ ကတည်းက သူက ဒီအလုပ်တွေ လုပ်ခဲ့တာဆိုတော့ ကျနော့်တဦးတည်း အမြင်ဆိုရင် အစည်းအရုံးအနေနဲ့ ပြောတာ မဟုတ်ဘူး။ အယုံအကြည် မရှိဘူး။ အိမ်ဦးခန်း ချေးတက်ပါသွားတာ။ လုံးဝ လက်ခံနိုင်စရာ မရှိဘူး” လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
ရိုက်ကူးရေး လုပ်ခဲ့တဲ့ အချိန်ကလည်း ကိုဗစ်ကြောင့် ရိုက်ကူးရေးများကို ခွင့်မပြုထားတဲ့အချိန် ဖြစ်ပြီး အိမ်မှာနေဖို့ အသိပေးတဲ့ ရိုက်ကူးရေးများ၊ မဲပေးဖို့အတွက် တိုက်တွန်းတဲ့ ရိုက်ကူးရေးများသာ ခွင့်ပြုထားတဲ့ကာလဖြစ်တယ်လို့ သိရပါတယ်။
“ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video ကိုတော့ သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းက “Original Gangster” Page မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းမှာ အဆိုတော်များစွာ ပါဝင် သီဆိုထားပြီး တချို့သော အဆိုတော်များကတော့ Music Video ရဲ့အကြောင်းအရာကို သေချာ မသိရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
You may also like these stories:
“ကျနော့်မှာ စည်းလုံးစေချင်တဲ့ စိတ်ပဲ ရှိပါတယ်”လို့ ယုန်လေး ပြော
“အစိုးရတရပ်တည်း ပြတ်ပြတ်သားသား အလုပ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်”
မဲစာရင်းစစ်ကြရန် အနုပညာရှင်များ တိုက်တွန်း