အဆိုတော် ယုန်လေး ဒါရိုက်တာ အနေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ “ ငါတို့ အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” သီချင်းမှာ ဗိုလ်ချုပ်မှူးကြီး ကာရိုက်တာအနေနဲ့ ပါဝင်ခဲ့တဲ့ ညီနန္ဒဟာ အဲဒီသီချင်းမှာ ပါဝင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး အခုလိုပဲ ဆိုပါတယ်။
“ကျနော် ဒီ Music Video နဲ့ ပတ်သက်ပြီး ယုန်လေး စကမ်းလှမ်းချိန်မှာ ယုန်လေးက သီချင်း အရင် နားထောင်ကြည့်ပါ။ သီချင်းရဲ့ ပေးချင်တဲ့ Message က ကောင်းတယ်။ အားလုံး စည်းလုံးဖို့ ဆိုတော့ ကျနော်တို့လည်း သရုပ်ဆောင်ဆိုတော့ အနုပညာအမြင်နဲ့ မြင်ကြည့်တယ်”
“ကျနော်က ယုန်လေးကို မေးတယ်။ ကျနော် ဘယ်နေရာက သရုပ်ဆောင်ရမှာလဲပေါ့။ ယုန်လေးက အမေစုကို ကယ်ရမှာ။ အမေစုနဲ့ လက်ဆွဲ နှုတ်ဆက်မယ်။ စည်းလုံးသွားမယ်ပေါ့။ ကျနော်ကလည်း အမေစုကို ကယ်ခွင့်ရတာလည်း ဖြစ်တဲ့အတွက် ကျနော် အိုကေဆိုပြီး ရိုက်တယ်။ တကယ်ရိုက်တဲ့ အချိန်မှာလည်း ဒါပဲ။ မနက်က ပြန်စဉ်းစားတယ်”
“ကျနော် ဒီ Music Video မှာ ကျနော် သရုပ်ဆောင်ထားတဲ့ အပိုင်းလေးပဲ ကြည့်တယ်။ ကျနော်က ဖန်တီးတဲ့သူလည်း မဟုတ်ဘူး။ ကျနော် သရုပ်ဆောင်ထားတာသည် အမေစုကို ကယ်တယ်၊ အမေစုနဲ့ လက်ဆွဲ နှုတ်ဆက်တယ်။ စည်းလုံးသွားတယ်။ ဒီလောက်ပဲ။ ကျန်တဲ့ တင်ပြမှုအပိုင်း လွဲချော်နေတာကတော့ ကျနော်နဲ့ မဆိုင်ဘူး”လို့ ညီနန္ဒက ပြောပါတယ်။
အနုပညာ လုပ်ချင်တဲ့စိတ်နဲ့ပဲ ရိုက်ခဲ့တာဖြစ်တဲ့အတွက် အနူးအညွတ် တောင်းပန်တယ်လို့လည်း ညီနန္ဒက ဆိုပါတယ်။
“အနုပညာလုပ်ချင်တဲ့ စိတ်နဲ့ပဲ ဖော်ထုတ်လိုက်တာပါ။ နိုင်ငံရေးအမြင်အရ ကြည့်ရင် တချို့ ဒေါသထွက်ပြီး ဆဲနေကြတဲ့ အပိုင်းလေးတွေ ရှိတယ်။ အဲ့အတွက် အနူးအညွတ် တောင်းပန်တယ်။ ဘာသင်ခန်းစာ ရလိုက်လဲဆိုတော့ နောက်ပိုင်း အနုပညာလုပ်ပြီဆိုရင် ဒီထက်ပိုပြီး စေ့စပ်သေချာပြီး အစအဆုံး သေချာမေးပြီး ဆင်ခြင်ပြီး ရိုက်ဖို့ သင်ခန်းစာ ရပါတယ်”လို့ ညီနန္ဒက ပြောပါတယ်။
Music Video နဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘဲ နောင်ဒီလို မဖြစ်အောင် ကိုယ်တိုင်ပဲ ဆင်ခြင်သွားမယ်လို့ ညီနန္ဒက ပြောပါတယ်။
“ဒီအချိန်မှာလည်း ဒီ Music Video နဲ့ ပတ်သက်ပြီး ဘယ်သူ့မှ အပြစ်မတင်ပါဘူး။ ကိုယ်တိုင်လည်း ကင်မရာ ရှေ့မှာ ရိုက်ခဲ့မိတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပါတယ်။ ဘယ်သူ့မှ အပြစ် မတင်ပါဘူး။ နောက် ဒီလို မဖြစ်အောင် အတတ်နိုင်ဆုံး ဆင်ခြင်မယ်”လို့ ညီနန္ဒက ဆိုပါတယ်။
“ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video ကို သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းက “Original Gangster” Page မှာ တင်ခဲ့တာ ဖြစ်ပြီး ဒီသီချင်းမှာ အဆိုတော်များစွာ ပါဝင် သီဆိုထားပါတယ်။ အဆိုတော် ယုန်လေးကတော့ ဒီသီချင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ Facebook အကောင့်ကနေ အနုပညာရှင်များ၊ ပရိသတ်များကို Live လွှင့်ကာ ပြန်လည် တောင်းပန်ထားပါတယ်။
You may also like these stories:
“ကျနော့်မှာ စည်းလုံးစေချင်တဲ့ စိတ်ပဲ ရှိပါတယ်”လို့ ယုန်လေး ပြော
“ယုန်လေးရဲ့ Music Video က စော်ကားတယ်လို့ ခံစားရတယ်”