အဆိုတော် ယုန်လေးက သူကိုယ်တိုင် ဖန်တီးထားတဲ့ Music Video နဲ့ ပတ်သက်ပြီး ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ရက် Facebook အကောင့်ကနေတဆင့် ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်များနဲ့ ပရိသတ်များအား တောင်းပန်စကား ဆိုခဲ့ပါတယ်။
“ကျနော့် စိတ်ဓာတ်ကို ကျနော့်ကိုချစ်တဲ့ ခင်တဲ့သူတွေ Facebook က မိတ်ဆွေတွေ သိကြမှာပါ။ အခု ပြောနေသလိုတွေ လုံးဝ မဟုတ်ပါဘူး။ တင်ပြချင်တဲ့ အနုပညာဆန္ဒ အရမ်းစောသွားတယ်။ အမြဲတမ်းကျနော့်မှာ အားနည်းချက်နဲ့ အားသာချက် ရှိတယ်။ အမြန်ဆုံး အကောင်အထည် ဖော်ချင်တာ”
“ရေးတာလည်း ကျနော်၊ ဆိုတာလည်း ကျနော်၊ ရိုက်တာလည်း ကျနော်၊ ဇာတ်လမ်း ဇာတ်ညွှန်းလည်းကိုယ်တိုင်၊ Edit လည်း ကိုယ်တိုင်ထိုင်ပြီးတော့ အမြန်ဆုံး တင်လို့ရအောင် စိတ်အရမ်းလောတယ်”လို့ ယုန်လေးက ပြောပါတယ်။
လူအများ ပြောဆိုနေကြသလို နောက်ကွယ်မှာ အဖွဲ့အစည်းတခု ရှိနေတယ်ဆိုတာလည်း မဟုတ်ဘဲ ဘယ်သူ့ရဲ့ ခိုင်းစေမှုကိုမှ မလုပ်ဘူးလို့ ဆိုပါတယ်။
“ကျနော် ရုပ်ရှင်တကားလို မျှော်လင့်ပြီးတော့ ရိုက်လိုက်တယ်။ အဲ့ရုပ်ရှင်ကလည်း စဉ်းစားထားတာမျိုး ရှိတယ်။ ပေါင်းစည်းရေး စည်းလုံးရေးပေါ့။ အခုတော့ သွားပါပြီ။ ကျနော်လည်း မရိုက်ရဲတော့ပါဘူး။ အဲ့လောက်ကြီးဖြစ်မယ် မထင်ထားဘူး။ ကျိန်းသေတာတခုကတော့ ကျနော့်ကို ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီ၊ ဘယ်သူကမှ ဝယ်လို့ မရပါဘူး။ ကျနော့် စိတ်ဓာတ်ကို ရင်းတဲ့သူက သိမှာပါ”
“ကျနော် ဘယ်သူ့ အခိုင်းအစေကိုမှ မလုပ်ပါဘူး။ ပါဝင်တဲ့လူတိုင်းလည်း တကျပ်တပြားမှ မရကြပါဘူး။ မေတ္တာနဲ့ ကူညီတာပါ။ လုံးဝ ကျိန်းသေပါတယ်” လို့ ယုန်လေးက ပြောပါတယ်။
ဆက်လက်ပြီး “အခုအားလုံးက ထင်နေတာ တယောက်ယောက် စေခိုင်းလို့ဆိုပြီး ကျနော် အဲ့လို လုပ်မယ့်ကောင်မှ မဟုတ်တာ။ ဘယ်သူ့ဆီကမှ ပိုက်ဆံ တပြားတချပ်မှ မယူထားဘူး။ “ငြိမ်းချမ်းချင်ပြီ မြန်မာပြည်” တို့ဘာတို့လည်း ဒီလိုပဲ လုပ်ခဲ့တာပဲ”
“ဒီသီချင်းကို နိုင်ငံတော်အကြီးအကဲတွေရော အကုန်ကြိုက်မယ် မျှော်လင့်ထားတာ။ အမေစု ကိုယ်တိုင် ကြိုက်မယ်လို့ မျှော်လင့်ထားတာ။ အမေ ကြည့်ရင်တော့ ကျနော်တို့ အမေက စိတ်ဆိုးမယ်တော့ မထင်ပါဘူး။ အထင်မှားရင်လည်း မှားမယ်၊ မှန်ရင်လည်း မှန်မယ်။ အမေ့ကိုလည်း ကျနော်မှားရင် ဒီနေရာကနေ ကန်တော့ပါတယ်” လို့ ယုန်လေးက ပြောပါတယ်။
ဒီလိုကိစ္စမျိုးတွေ ဖြစ်ခဲ့တာကြောင့် စိတ်ဓာတ်တွေ ကျနေပြီး နိုင်ငံရေးကိုလည်း တော်တော် ကြောက်သွားပြီလို့ ဆိုပါတယ်။
“ကျနော် ဒီလောက် စိတ်ဓာတ်ကျမှုမျိုး မဖြစ်ဖူးဘူး။ တော်တော် ကြောက်သွားပြီ နိုင်ငံရေးကို အစောကြီးကတည်းက မလုပ်ပါဘူး။ စည်းလုံးချင်တာပဲ ရှိပါတယ်” လို့ ယုန်လေးက ပြောပါတယ်။
တင်ပြမှု မှားယွင်းခဲ့တဲ့အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် အကြီးအကဲများကို ကန်တော့ တောင်းပန်ခဲ့ပြီး ပါဝင်ခဲ့တဲ့ အနုပညာရှင်များကိုလည်း တောင်းပန်ခဲ့ပါတယ်။
“ကျနော့် တင်ပြမှု မှားသွားရင် အမေရော၊ နိုင်ငံတော်အကြီးအကဲတွေရော ကန်တော့ပါတယ်။ ပါဝင်တဲ့သူတွေကိုလည်း အရမ်းအားနာပါတယ်။ ကျနော့်ကို ယုံကြည်ပြီး ပါဝင်ကြတာပါ။ ဒီဗီဒီယိုကိုလည်း ဖြုတ်ချပေးပါမယ်။ နောက်လည်း နိုင်ငံရေးနဲ့ မပတ်သက်တော့ပါဘူး။ ဘယ်ပါတီ နီနီ၊ စိမ်းစိမ်း၊ ဖြူဖြူ၊ ဝါဝါ ဘယ်ပါတီမှလည်း ကျနော်သီချင်း မဆိုပါဘူး။ ၂၀၁၅ တုန်းက ဆိုခဲ့ပါတယ်။ ဆိုခဲ့တယ်ဆိုတာလည်း ကျနော်တို့ အခက်အခဲကို ဖြေရှင်းနေရတဲ့အချိန် ဆိုခဲ့ပါတယ်”လို့ ယုန်လေးက ပြောပါတယ်။
အဆိုတော် ယုန်လေးကတော့ Live လွှင့်ပြီးတဲ့အချိန်မှာပဲ “ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video ကို ပြန်ဖြုတ်ချခဲ့ပါတယ်။ ဒီဗီဒီယိုကိုတော့ သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းက “Original Gangster” Page မှာ တင်ခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
အဆိုတော်ယုန်လေး၏ ရုပ်သံ စုံစမ်းစစ်ဆေးမည်
“အနုပညာ လုပ်ချင်တဲ့စိတ်နဲ့ပဲ ယုန်လေး သီချင်းကို လက်ခံခဲ့တာပါ”လို့ ညီနန္ဒ ပြော
“ယုန်လေးရဲ့ Music Video က စော်ကားတယ်လို့ ခံစားရတယ်”