အဆိုတော် Ariana Grande့ရဲ့ Sweetener ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ရိုက်ကူးထားတဲ့ ရုပ်ရှင်အတွက် Netflix က ဒေါ်လာ ၅ ဒဿမ ၂ သန်းနဲ့ ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။ “7 Rings” အဆိုတော် Ariana ဟာ ပွဲစဉ် ၉၂ ပွဲ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲနဲ့ ပတ်သက်တဲ့ ရုပ်ရှင်အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Twitter မှာ ပရိသတ်တဦးရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရင်း အရိပ်အမြွက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဗြိတိသျှသတင်းစာ The Sun ရဲ့ အဆိုအရ Netflix အကြီးအကဲတွေဟာ ပြသခွင့်ဆိုင်ရာ မူပိုင်ခွင့်အတွက် ဒေါ်လာ ၅ ဒဿမ ၂ သန်းအထိ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
အဲ့ဒီသဘောတူညီမှုကို Scooter Braun ဦးဆောင်တဲ့ Ariana ရဲ့ အရင်းနှီးဆုံး အကြံပေးတွေက ဆွေးနွေး ညှိနှိုင်းပေးနေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာ ပြုလုပ်ခဲ့တဲ့ Sweetener ဖျော်ဖြေပွဲရဲ့ လုပ်ဆောင်ချက်တိုင်းကို ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရုပ်ရှင်သဘောမျိုး ဖြစ်လာမယ့် အဲ့ဒီ ဖျော်ဖြေပွဲမှတ်တမ်းနဲ့ ပတ်သက်လို့ အတွင်းသတင်းက “သူ့ရဲ့ ဖျော်ဖြေမှုတွေ တလျှောက်လုံးမှာ Ariana ဟာ စင်နောက်ကွယ်မှာရော၊ ခရီးသွားနေတဲ့ အချိန်မှာရော၊ ပြင်ပအချိန်တွေမှာရော ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ လမ်းပေါ်မှာ ဘဝတွေက ဘယ်လောက်ကြမ်းတမ်းတယ်ဆိုတာကို အရိုးသားဆုံးနဲ့ အရိုးရှင်းဆုံး ပုံဖော်ပြသမှာ ဖြစ်ပေမယ့် ပျော်ရွှင်ဖို့ကောင်းတဲ့၊ နွေးထွေးတဲ့အချိန်တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အဆိုတော် Ariana ဟာ ၂၀၁၈ ခုနှစ်တုန်းက YouTube နဲ့ လက်တွဲပြီး မှတ်တမ်းစီးရီးတခုကို ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီစီးရီးမှာတော့ သူ့ရဲ့ “Dangerous Woman” နယ်လှည့်ဖျော်ဖြေပွဲအကြောင်း ဖော်ပြရိုက်ကူးခဲ့ပါတယ်။
Ref: aceshowbiz
You may also like these stories:
ခွင့်ပြုချက် မရှိဘဲ သီချင်းသုံးလို့ ထရမ်ရဲ့ မဲဆွယ်ရေးအဖွဲ့ တရားစွဲခံရ
“Mulan” ရုပ်ရှင်ကို Disney+ မှတဆင့် ကြည့်ရှုနိုင်တော့မည်