နာမည်ကျော် ရုပ်ရှင်မင်းသမီး Michelle Yeoh ဟာ အာရှသရုပ်ဆောင်တွေ ပထမဆုံးဦးဆောင်မယ့် Marvel ရဲ့ စူပါဟီးရိုးရုပ်ရှင် “Shang-Chi And The Legend Of The Ten Rings” မှာ ပါဝင်လာနိုင်ချေရှိတယ်ဆိုတဲ့ သတင်းက အခုနှစ် အစောပိုင်းကတည်းက ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မလေးရှား ရုပ်ရှင်မင်းသမီး Michelle ဟာ အခုတော့ အဲ့ဒီရုပ်ရှင် ရိုက်ကူးရေးတွေ ပြန်လည် စတင်နေတဲ့ ဆစ်ဒနီမြို့မှာ ရိုက်ကူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံ တော်တော်များများကို တင်ပြီး အဲ့ဒီကောလာဟလ သတင်းတွေကို ပိုမိုအရှိန်မြင့်စေခဲ့ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်ကုန်တုန်းကတော့ မင်းသမီး Michelle ဟာ COVID-19 အတွက် နှာခေါင်းတို့ဖတ်စယူ စစ်ဆေးနေတဲ့ ဓာတ်ပုံတပုံကို တင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ “Shang-chi” ရုပ်ရှင်မှာ ပါဝင်နေတဲ့ မင်းသမီး Awkwafina က “ရှင့်ရဲ့ နာကျင်မှုကို ကျမ သိပါတယ်။ ဒါပေမဲ့ သတင်းကောင်းကတော့ အခု ခရမ်းရောင်ကို ကျမ မြင်နိုင်ပြီလေ” လို့ အဲ့ဒီပို့စ်မှာ မှတ်ချက်ပေးခဲ့ပါတယ်။
အဲ့ဒီပို့စ်ကို တင်ပြီးတဲ့နောက်ပိုင်းမှာတော့ မင်းသမီး Michelle ဟာ Sydney Harbour တံတားကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံ တပုံကို မျှဝေခဲ့ပါတယ်။ ဒါ့အပြင် နောက်တပုံမှာတော့ စူပါ တနင်္ဂနွေနေ့၊ Mask တပ်ပြီးအပြင်ထွက်ရတာ ပျော်တယ်။ လူချင်း ခပ်ခွာခွာ နေတယ်” ဆိုတဲ့ ပုံစာတခုကို ရေးခဲ့ပါတယ်။
“Crazy Rich Asians” မင်းသမီး Michelle ဟာ Quarantine ကနေ ထွက်လာပြီဖြစ်တဲ့အကြောင်း နောက်ထပ် ပို့စ်တခုမှာ ပြောဆိုခဲ့ပြီး Mask ကို ဆက်လက် တပ်သွားမှာဖြစ်တယ်လို့ ကတိပေးခဲ့ပါတယ်။ တကယ်လို့သာ မင်းသမီး အနေနဲ့ အဲ့ဒီရုပ်ရှင်မှာ ပါဝင်ဖြစ်တယ်ဆိုရင်တော့ Marvel Cinematic Universe မှာ သူ့အတွက် ပထမဆုံး ပါဝင်ခြင်းတော့ မဟုတ်ပါဘူး။ မင်းသမီးဟာ “Guardians Of The Galaxy Vol 2” ရုပ်ရှင်မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။
“Shang-Chi” ရုပ်ရှင်ကို မူလတုန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်ဖို့ ကနဦး စီစဉ်ထားခဲ့ပေမယ့် COVID-19 ကြောင့် ထိခိုက်ခဲ့ရတဲ့ ထုတ်လုပ်ရေး ရွှေ့ဆိုင်းရမှုတွေကြောင့် ရုံတင်ရက်ကို ရွှေ့ဆိုင်းရတော့မှာ ဖြစ်ပါတယ်။
သြစတြေးလျမီဒီယာ 7NEWS ရဲ့ အဆိုအရ အဲ့ဒီရုပ်ရှင်ရိုက်ကွင်းတည်ရှိရာ ဆစ်ဒနီမြို့ အနောက်ပိုင်းမှာ ရွာတရွာကိုတောင် တည်ထားတယ်လို့ ဆိုပါတယ်။ Shang-Chi ရုပ်ရှင်မှာ ပါဝင်မယ့် တခြား သရုပ်ဆောင်တွေကတော့ Tony Leung ၊ ကနေဒါမင်းသား Simu Liu နဲ့ ဟာသသရုပ်ဆောင် Ronny Chieng တို့ ဖြစ်တယ်လို့ သိရပါတယ်။
Ref: cnalifestyle