အဆိုတော် ယုန်လေး ကိုယ်တိုင် ရိုက်ကူးထားတဲ့ “ငါတို့ အားလုံးရဲ့ မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်) ” Music Video မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ မို့မို့မြင့်အောင် အတွက် မိတ်ကပ် လိမ်းခြယ်ပေးခဲ့တဲ့ Makeup Artist ကိုမာက လိမ်းခြယ်ဖြစ်ပုံ အခုလိုပဲ ဧရာဝတီကို ပြောပါတယ်။
“ဦးမာနဲ့ မမို့တို့က အရင်ကတည်းက ကာရိုက်တာတိုင်း လိုတဲ့အခါမှာ ပြင်ပေးဖြစ်ပါတယ်။ မမို့က နိုင်ငံတော်အတိုင်ပင်ခံရဲ့ အိုက်တင်လေး လုပ်ရမယ်။ ပြင်ပေးပါလို့ ပြောလို့ ပြင်ပေးဖြစ်တာပါ”
“ဦးမာကို မမို့က ပြောပါတယ်။ အစစအရာရာ ပြင်ဆင်ထားတယ်။ အဝတ်အစား လက်ဝတ်ရတနာကအစ အသေးစိတ် ပြင်ဆင်ထားပါတယ်ပေါ့။ ဦးမာကလည်း ပုံလေးတွေကို သေချာ save ပြီး လေ့လာထားတယ်။ ပုံလေးတွေ ကြည့်ပြီး ထူးခြားတာလေးတွေကို ချချင်တဲ့ မိတ်ကပ်တွေကို brown ကာလာနဲ့ ချရပါတယ်။ လိုင်းလေးတွေကို ခဲလေးတွေနဲ့ အသေးစိတ် ဆွဲပါတယ်”လို့ မိတ်ကပ် ကိုမာက ပြောပါတယ်။
ဆက်လက်ပြီး ကိုယ်တိုင်က အလှမိတ်ကပ် အပြင်များသူဖြစ်တဲ့အတွက် ရုပ်ရှင်ဇာတ်ကားဆိုရင် လိမ်းပေးဖြစ်မှာ မဟုတ်ဘဲ Music Video မို့သာ လိမ်းပေးဖြစ်တာလို့ ဆိုပါတယ်။
“ဦးမာကတော့ အလှပြင်တဲ့ မိတ်ကပ်ဆရာဆိုတော့ အလှမိတ်ကပ်တွေပဲ လုပ်တာ များပါတယ်။ Special Effect Makeup ပြင်တဲ့သူတော့ မဟုတ်ဘူးပေါ့။ အကူအညီတောင်းလို့ ကူညီပေးတာပဲ ရှိပါတယ်။ ဇာတ်ကားဆိုရင်တော့ ဦးမာ လုပ်မှာ မဟုတ်ပါဘူး။ Music Video မို့သာ လိမ်းလိုက်တာပါ။ လူတွေက နိုင်ငံ့ခေါင်းဆောင်ကို အထွဋ်အမြတ်ထားတဲ့အတွက် မတူဘဲနဲ့ လုပ်ရလားဆိုတဲ့ ကရုဏာဒေါသောကို ဦးမာ နားလည်ပါတယ်”လို့ မိတ်ကပ် ကိုမာက ပြောပါတယ်။
သရုပ်ဆောင် မို့မို့ မြင့်အောင်က မျက်နှာကို ဆာဂျရီ လုပ်ထားတာလည်း မကြာသေးတာကြောင့် အတတ်နိုင်ဆုံး လိမ်းခြယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
“မမို့ကတော့ သူ့လူစွဲနဲ့ ဦးမာကို လိမ်းခိုင်းတာပေါ့။ မမို့ကတော့ ပြောတယ်။ မမို့ကတော့ မျက်နှာအရမ်းဖောင်းနေတယ်။ ၅၀ ကျော်ပဲ ရှိသေးတယ်။ နောက် မျက်နှာကို ဆာဂျရီ လုပ်ထားတာလည်း မကြာသေးတော့ ပါးတွေက အရမ်းဖောင်းနေတယ်။ တတ်နိုင်သလောက်တော့ ချပေးပါတယ်။ မော်နီတာမှာကြည့်လိုက်တော့ မို့ မျက်နှာ ဖောင်းနေသေးတယ်။ Ligthing လည်း လိုတာပေါ့။ ဒီထက် ထပ်ချလိုက်ရင် အရမ်းကျပြီး လက်သီးနဲ့ ထိုးထားသလို ညိုညိုကြီး ဖြစ်နေလိမ့်မယ်”
“အန်တီစုက အသက်ကြီးတာ မှန်တယ်။ အဖွားအိုလိုတော့ မဟုတ်ဘူး။ မာန်နဲ့ ဟန်နဲ့လတ်လတ်ဆတ်ဆတ် ရှိတော့ အရမ်းချလို့တော့ မကောင်းဘူး။ ချလိုက်ရင် အရမ်းအသက်ကြီးတဲ့ အဖွားကြီး ဖြစ်မှာ။ မမို့ကတော့ ဦးမာလည်း တတ်နိုင်သလောက် လုပ်ပါ။ သူလည်း အတတ်နိုင်ဆုံး အိုက်တင် လုပ်ပါမယ်။ ဦးမာ ပညာလိုသေးတယ်လို့ပဲ ပြောရမှာပေါ့”လို့ ကိုမာက ပြောပါတယ်။
ဝေဖန် ပြောဆိုခံနေရပေမယ့် လုပ်ငန်းအတွက်တော့ မစိုးရိမ်ပါဘူးဆိုတဲ့ မိတ်ကပ် ကိုမာက လိုအပ်ချက်တွေ ရှိရင်လည်း ခွင့်လွှတ်ပေးပါလို့ ဆိုပါတယ်။
“အခုလို သတင်းတွေ ကြားတော့ မမို့က မိတ်ကပ်ဘယ်သူဆိုတာ ထည့်မပြောတော့ဘူးနော် ပြောတယ်။ မဟုတ်ဘူး ထည့်ပြောပါ မမို့လို့ ပြောတယ်။ အခုလို လုပ်တယ်ဆိုကတည်းက အဝေဖန်ကတော့ ခံနိုင်ရမှာပေါ့။ ဦးမာတို့ အသက်အလျောက် အကောင်းပြောတာ အဆိုးပြောတာကို ခံရမှာပါ။ ချီးကျူးနေတာလည်း ခံရသလို၊ ကဲ့ရဲ့တာလည်း ခံဖူးတာပေါ့။ Facebook မှာ တက်လာတဲ့ ပုံတွေကို တွေ့တယ်။ အရမ်း ဝေဖန်နေကြတယ်။ အခုသူတို့ လိုင်းပေါ်မှာ တင်နေကြသလို အညိုအမဲ အကွက်ကွက်တွေ မဖြစ်ဘူး”
“မမို့ကတော့ ဖုန်းနဲ့ ရိုက်ထားတဲ့ ပုံတွေနဲ့ ပြန်ရှင်းပါလားပြောတယ်။ ရှင်းတော့ မရှင်းတော့ဘူး။ မကောင်းတာ ပြောတာလို့လည်း မခံယူဘူး။ ဝေဖန်တာလို့ပဲ ခံယူပါတယ်။ လူတွေက တယောက်နဲ့ တယောက် ခံယူချက်ချင်း မတူဘူး။ အမျိုးစုံ ဝေဖန်နိုင်ပါတယ်။ မမို့ကတော့ ပြန်ရှင်းဖို့ အားပေးတယ်။ ဦးမာရဲ့ လုပ်ငန်းအတွက်တော့ ဦးမာ မစိုးရိမ်ပါဘူး။ အလှပြင်တာ ဘယ်လို စိတ်ထားတယ်ဆိုတာ ပေါင်းတဲ့သူတိုင်း သိပါတယ်။ ဦးမာရဲ့ လိုအပ်ချက်တွေ ရှိရင်လည်း ခွင့်လွှတ်ပေးပါ”လို့ မိတ်ကပ် ကိုမာက ပြောပါတယ်။
နိုင်ငံကျော် Makeup Artist တဦးဖြစ်တဲ့ မိတ်ကပ် ကိုမာကတော့ မိတ်ကပ်လောကမှာ ရပ်တည်နေတာ နှစ် ၄၀ ရှိပြီ ဖြစ်ပါတယ်။
You may also like these stories:
“ကျနော့်မှာ စည်းလုံးစေချင်တဲ့ စိတ်ပဲ ရှိပါတယ်”လို့ ယုန်လေး ပြော
“အနုပညာ လုပ်ချင်တဲ့စိတ်နဲ့ပဲ ယုန်လေး သီချင်းကို လက်ခံခဲ့တာပါ”လို့ ညီနန္ဒ ပြော