“ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video ကို ဖန်တီးခဲ့သူ ယုန်လေးက ဒီကနေ့မှာတော့ သရုပ်ဆောင် မြင့်မြတ်နဲ့အတူ Music Video မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တချို့နဲ့ အတူ ရုပ်ရှင်အစည်းအရုံးသို့ လာရောက်ခဲ့ပြီး မေတ္တာရပ်ခံ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
“မနက်ဖြန် အစည်းအဝေးကျရင် “စည်းလုံးသင့်ပြီ မြန်မာပြည်” ဆိုတဲ့ ယုန်လေးရဲ့ Music Video အတွက် ကိုမြင့်မြတ်ကလည်း လုပ်ဖော်ကိုင်ဖက်အနေနဲ့ ပါလာတာပေါ့။ သားညီတို့၊ Kညီတို့၊ ထူးခြားတို့ကလည်း ပါလာတယ်။ အဓိကကတော့ လာပြီး ရှင်းပြတာကတော့ ဒီသီချင်းဗီဒီယိုကို သူတို့အခကြေးငွေ ယူပြီး ရိုက်ကူးထားတာ မဟုတ်ဘူး။ အဲဒါကို ရှင်းပြတယ်”
“သားညီတို့၊ ထူးခြားတို့၊ Kညီတို့ကလည်း မေတ္တာရှေ့ထားပြီး ပါဝင်သရုပ်ဆောင် ပေးထားတာ။ အဲ့အတွက်လည်း ယုန်လေးက အပြည့်အဝ တာဝန်ယူပါတယ်။ အဖွဲ့အစည်း တဖွဲ့ဖွဲ့ လူတဦး တယောက်ကို ထိခိုက် နစ်နာစေလိုတဲ့ ဆန္ဒ လုံးဝ မရှိပါဘူး။ အဲဒါလေးကို လာရှင်းပြတာပါ”လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။
လူအများထင်နေသလို ယုန်လေးက လာရောက် တောင်းပန်တာမျိုး မဟုတ်ဘဲ သူဟာ အစည်းအရုံးဝင်လည်း မဟုတ်တဲ့အတွက် တောင်းပန်စရာလည်း မလိုဘူးလို့ ဆိုပါတယ်။
“သူက တောင်းပန်စရာ အကြောင်းလည်း မရှိဘူးလေ။ အစည်းအရုံးနဲ့က ဘာမှ မဆိုင်တာ။ မေတ္တာရပ်ခံ ရှင်းပြပေးတာ။ တကယ်လို့ သူ့ကို အရေးယူဖို့တွေ ဘာတွေ ကြားနေတယ်ပေါ့။ ဌာနဆိုင်ရာတွေက အရေးယူဖို့တွေ ကြားနေတော့ လာပြီးတော့ ရှင်းပြတာပေါ့။ ဒီကိစ္စကို အစည်းအရုံးအနေနဲ့ ဘယ်လို ဆုံးဖြတ်မလဲပေါ့နော်။ မနက်ဖြန်ကျမှ စည်းဝေးမှာပါ”လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
ယုန်လေးနဲ့ ပါဝင်သရုပ်ဆောင်ကြတဲ့သူများကို အစည်းအရုံးမှ ထုတ်ပယ်တယ်ဆိုတာလည်း ကောလာဟလသာ ဖြစ်တယ်လို့ သိရပါတယ်။
“ကောလာဟလပါ။ ပါဝင်သရုပ်ဆောင်တဲ့သူတွေကို မဟုတ်ပါဘူး။ ယုန်လေးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရာသက်ပန် ထုတ်ပယ်လိုက်တယ်ဆိုတာ ကောလာဟလပါ။ ဒီမှာက သူက ရုပ်ရှင်အစည်းအရုံးဝင်လည်း မဟုတ်ဘူး။ အစည်းအရုံးဆိုတဲ့ သဘော သဘာဝက သူ့ဟာသူ မင်းသမီးလုပ်မယ်။ မင်းသား လုပ်မယ်။ ဒါရိုက်တာ လုပ်မယ်။ ဘယ်နှကား ရိုက်ပြီးပါပြီဆိုပြီး လာလျှောက်မှပေါ့။ သူက အစည်းအရုံးဝင်လည်း မဟုတ်ဘူး” လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
အဆိုပါ Music Video ကို ဖန်တီးခဲ့သူနဲ့ ပါဝင်ခဲ့သူများမှာ အကျိုးပြုတယ်လို့ ထင်နေခဲ့တာဖြစ်ပြီး အကြားအမြင်၊ ဗဟုသုတနည်းပါးတယ်လို့လည်း ဆိုပါတယ်။
“သူတို့ထင်နေတာက အကျိုးပြုခဲ့တာလို့ ထင်နေတာ။ ယုန်လေးကလည်း စိတ်စေတနာ ကောင်းကောင်းနဲ့ ရိုက်တယ်လို့ ထင်နေတာ။ ဒါပေမဲ့ သူတို့ရဲ့ အကြားအမြင်၊ ဗဟုသုတကတော့ တော်တော်လေး နိမ့်ပါးတယ်။ ထင်နေတာ သူတို့က ဂုဏ်တောင် ဂုဏ်ယူနေပုံရတယ်။ ပြောတော့ ပြောလိုက်တယ်။ ကိုယ့်ရဲ့ခံစားချက်ကို ငါကတော့ အမှုန့်ကြိတ် ပစ်ချင်တာလို့”
“မင်းတို့က ၈၈ မှာ ၃ နှစ်သားပဲ ရှိသေးတော့ မပြောတတ်ဘူး။ အသက် ၆၀ ၊ ၇၀ တွေက မင်းတို့ကို အမှုန့်ကြိတ်ပစ်ချင်တာလို့။ မြန်မာနိုင်ငံရေး သမိုင်းကြောင်းကို သိထားတဲ့သူတွေ နာထားတဲ့သူတွေက မင်းတို့ကို အမှုန့်ကြိတ်ပစ်ချင်တာလို့။ သူဉာဏ်ရည် မမှီဘူး” လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
သြဂုတ်လ ၇ ရက်နေ့မှာတော့ ယုန်လေးနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးမှာ အစည်းအဝေးပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
You may also like these stories:
မို့မို့မြင့်အောင်ကို မိတ်ကပ်လိမ်းခြယ် ပေးခဲ့တဲ့ Makeup Artist ကိုမာ
“အမေစုကိုယ်တိုင် ကြိုက်မယ် မျှော်လင့်ထားခဲ့တာ”လို့ ယုန်လေး ပြော
“အနုပညာ လုပ်ချင်တဲ့စိတ်နဲ့ပဲ ယုန်လေး သီချင်းကို လက်ခံခဲ့တာပါ”လို့ ညီနန္ဒ ပြော