အဆိုတော် ယုန်လေး ရိုက်ကူးထားတဲ့ “ငါတို့ အားလုံးရဲ့ မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video မှာ စီးပွားရေး လုပ်ငန်းရှင်တယောက်အနေနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင် ဦးဝင်းမြိုင်က ပါဝင်ဖြစ်ပုံကို အခုလိုပဲ ဆိုပါတယ်။
“ကျနော်နဲ့ ယုန်လေးက အစကတည်းက ခင်ပါတယ်။ သူ ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ကားတော်တော်များများမှာလည်း သံယောဇဉ်ရှိရှိနဲ့ ခေါ်ပေးပါတယ်။ Music Video မှာလည်း ရိုက်ပေးဖို့ ပြောတယ်။ သီချင်းမှာလည်း နိုင်ငံစည်းလုံးဖို့ ပြောတဲ့ သီချင်း၊ သီချင်းနာမည်ကလည်း ကောင်းတယ်။ တခန်းလောက် ပါပေးပါဆိုတာနဲ့ ပါဝင်ဖြစ်တာ။ ကူညီပေးပါဆိုတော့ ကူညီပေးခဲ့တယ်”
“ကူညီပေးတဲ့ နေရာမှာ ခရိုနီတယောက်အနေနဲ့ ပါဝင်ပေးပါဆိုလို့ ရိုက်ဖြစ်တယ်။ ဒီ Music Video ကို ဇူလိုင်လဆန်းတုန်းက ရိုက်ခဲ့တာပါ”လို့ ဦးဝင်းမြိုင်က ပြောပါတယ်။
အဆိုပါ Music Video ကို ဝေဖန်မှုများ ရှိနေတဲ့အပေါ်လည်း အပြစ်မမြင်ဘူးလို့ ဆိုပါတယ်။
“ခံစားရတဲ့ လူတွေက ဝေဖန်နေတာတွေကိုတော့ အပြစ်မမြင်ပါဘူး။ ဆဲသင့်တဲ့ အနေအထားပါ။ ဆဲတာကို ဗွေမယူပါဘူး။ ရေရှည်မှာတော့ အနုပညာသမားတွေက ဒီလိုလူမျိုးတွေပါလား ဆိုတာကိုတော့ မြင်သွားမှာကိုတော့ စိုးတယ်။ အနုပညာသမားတွေက အားလုံးက ပရိသတ် ပြည်သူတွေရဲ့အားပေးမှုနဲ့ ရပ်တည်နေကြတာ။ ပရိသတ်မုန်းမှာကိုတော့ ကြောက်တယ်”လို့ ဦးဝင်းမြိုင်က ပြောပါတယ်။
Music Video ထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြန်ပြီးလုပ်ကြံရတဲ့ အနေအထား ပုံစံမျိုး ဖြစ်သွားတဲ့အတွက် စိတ်မကောင်းဘူးလို့ ဦးဝင်းမြိုင်က ဆိုပါတယ်။
“ကျနော်တို့ လေးစားရတဲ့ အမေစုကို ပြန်ပြီး လုပ်ကြံရတဲ့ အနေအထားပုံစံမျိုး ဖြစ်သွားတဲ့အတွက် စိတ်မကောင်းဘူး။ ဒါပေမဲ့ ကိုယ့်ရင်ထဲမှာတော့ အနုပညာလုပ်တာပဲလို့ ဖြေပါတယ်။ ရိုက်ကူးခွင့်တင်တာက ရုပ်ရှင်နဲ့ ဗီဒီယို ၂ ခုပဲ။ ကျန်တဲ့ ဇာတ်လမ်းတိုတို့၊ Music Video တို့ကတော့ ရိုက်ကူးခွင့် တင်စရာ မလိုဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုတော့ ရှိပါတယ်”
“ကိုယ့်ဘာသာကိုယ် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ရိုက်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်မှုတွေအတိုင်း လိုက်နာပြီးတော့ ရိုက်တာပေါ့။ ရိုက်တဲ့အချိန်မှာလည်း အကုန်လုံး Mask တွေ တပ်၊ လက်တွေ ဆေးကြပါတယ်။ ကိုယုန်လေးကို ပြောချင်တာက နောက်နောင် ကိုယ့်ကြောင့် အနုပညာရှင် တော်တော်များများ အဆဲခံ၊ အမုန်းခံရမယ့် အလုပ်မျိုး မလုပ်ဖို့ ဆင်ခြင်ပေးပါ”လို့ ဦးဝင်းမြိုင်က ပြောပါတယ်။
“ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video ကိုတော့ သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းက “Original Gangster” Page မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ များလာတဲ့အတွက် အဆိုတော် ယုန်လေးက သူကိုယ်တိုင် Facebook မှာ Live လွှင့်တောင်းပန်ကာ Video ကို ဖြုတ်ချခဲ့သလို ရုပ်ရှင်အစည်းအရုံးကိုလည်း သွားရောက် တောင်းပန်ခဲ့ပါတယ်။
You may also like these stories:
“ယုန်လေးက အစည်းအရုံးဝင် မဟုတ်တဲ့အတွက် တောင်းပန်စရာ မလိုဘူး”
မို့မို့မြင့်အောင်ကို မိတ်ကပ်လိမ်းခြယ် ပေးခဲ့တဲ့ Makeup Artist ကိုမာ
Marvel ရုပ်ရှင် “Shang-Chi” မှာ ပါဝင်လာနိုင်ချေရှိတဲ့ မင်းသမီး Michelle Yeoh