မင်းသား Keanu Reeves ဟာ ကပ်ရောဂါကာလ ပြီးသွားတဲ့အချိန်မှာတော့ အလုပ်များတဲ့ လူတယောက် ဖြစ်လာတော့မှာပါ။
ပြီးခဲ့တဲ့ ဧပြီလတုန်းက “John Wick” ရုပ်ရှင် တွဲဖက်ဒါရိုက်တာ Chad Stahelski က “John Wick: Chapter 4” ရိုက်ကူးရေး ပြန်မစခင်မှာ ကနေဒါမင်းသား Keanu က သူ့ရဲ့ လုပ်ဆောင်ဖွယ်ရာတွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ စတုတ္ထမြောက် John Wick ရုပ်ရှင် ဘယ်တော့ ရုံတင်မယ်ဆိုတာကိုတော့ တပ်အပ်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
ကပ်ရောဂါကြောင့် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းတွေ ရပ်နားထားရမှုနဲ့အတူ ဒါရိုက်တာ Stahelski က မင်းသား Keanu ဟာ “The Matrix 4” ရုပ်ရှင်ထုတ်လုပ်ရေးအတွက် အချိန် သီတင်း ၄ ပတ်သာ ရှိသေးတာကြောင့် “John Wick” ရုပ်ရှင်အသစ် ပြသမယ့် ရက်ဟာ ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက် မဖြစ်နိုင်လောက်တော့ဘူးလို့ ဆိုပါတယ်။
မင်းသားဟာ “The Matrix” ရုပ်ရှင်အတွက် တာဝန်လုပ်ငန်းတွေကို ပြီးမြောက်အောင် ထမ်းဆောင်ရဦးမှာ ဖြစ်တာကြောင့် အခုနှစ်ကုန်အထိ မင်းသားက အားလပ်ဦးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့် အခုထုတ်ပြန်ထားတဲ့ ပြသမယ့် ရက်ကိုပြောင်းရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဇာတ်လမ်းက အဆင်သင့်ရှိနေပေမယ့် အပြီးသတ် ဇာတ်ညွှန်းက မပြီးသေးဘူးလို့လည်း သိရပါတယ်။
“John Wick 4” ရုပ်ရှင်ကို မူရင်းကြေညာထားတဲ့ ရက်ထက် တနှစ် နောက်ဆုတ်ပြီး ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှသာ ရုံတင်ဖို့ ပြောင်းလဲမယ်လို့ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ Lionsgate က ကြေညာထားပါတယ်။ အဲ့ဒီနောက် “John Wick 5” ရုပ်ရှင်ကို ဆက်တိုက်ဆိုသလို ရိုက်ကူးမယ်လို့ ကြေညာခဲ့ပါတယ်။
Lionsgate စီအီးအို John Feltheimer က “‘John Wick’ အက်ရှင်ဇာတ်ကားတွဲရဲ့ နောက်ထပ် ၂ ကား အတွက် ဇာတ်ညွှန်းတွေ ပြင်ဆင်နေပါတယ်။ “John Wick 4” ကို ၂၀၂၂ ခုနှစ် အောက်မေ့ဖွယ်နေ့ သီတင်းပတ်မှာ ရုံတင်ပါ့မယ်။ မင်းသား Keanu က လာမယ့်နှစ်အစောပိုင်းမှာ အားလပ်မှာဖြစ်တာကြောင့် “John Wick 4 & 5” ကို ဆက်တိုက် ရိုက်ကူးပါ့မယ်” လို့ သြဂုတ်လ ၆ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
မင်းသား Keanu ကို “The Matrix 4” နဲ့ “John Wick: Chapter 4” တို့မတိုင်ခင် တခြားနောက်ဆက်တွဲ ဇာတ်လမ်းတခုမှာလည်း မြင်တွေ့ရဖို့ ရှိနေပါတယ်။ မင်းသားဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားတဲ့ “Bill & Ted Face The Music” ရုပ်ရှင်မှာ Ted “Theodore” Logan အဖြစ် ပြန်လည်သရုပ်ဆောင်ထားပါတယ်။
Ref: etcanada.com
You may also like theses stories:
“အနုပညာသမားတွေက ပရိသတ်မုန်းမှာ စိုးတယ်”လို့ ဦးဝင်းမြိုင် ပြော
“ယုန်လေးက အစည်းအရုံးဝင် မဟုတ်တဲ့အတွက် တောင်းပန်စရာ မလိုဘူး”
မို့မို့မြင့်အောင်ကို မိတ်ကပ်လိမ်းခြယ် ပေးခဲ့တဲ့ Makeup Artist ကိုမာ