အဆိုတော် ယုန်လေးရဲ့ “ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်)” Music Video နဲ့ပတ်သက်ပြီး ပါဝင်သီဆိုထားကြတဲ့ Myanmar Idol မှ အဆိုရှင်များဖြစ်တဲ့ မူးလာ၊ ပိုးမီ၊ မေမဒီနဲ့ ယွန်းတို့က ပြန်လည် ရှင်းပြခဲ့ကြပါတယ်။
“သူများတွေ ပြောသလို ဖြစ်လာမှ ရုန်းထွက်တာ မဟုတ်ပါဘူး။ ကိုယုန်လေး ကိုယ်တိုင်လည်း သူ့ရဲ့စေတနာအမှားပါလို့ ပြောသွားတယ်။ ပိုးမီတို့ဘက်ကလည်း ပိုးမီတို့နဲ့ သက်ဆိုင်တဲ့ ဘယ်လိုစိတ်နဲ့ သီဆိုခဲ့လဲဆိုတာကို ပြောပြတာပါ။ Group Chat ထဲမှာ ပြောတာတွေက စနောက်နေတာပဲ ရှိတာပါ။ Music Video ကို ဖွင့်ပြလိုက်တာမျိုး မဟုတ်ပါဘူး” လို့ ပိုးမီက ပြောပါတယ်။
မူးလာကလည်း “ဒီသီချင်းမတိုင်ခင်မှာလည်း Save the World သီချင်း ဆိုခဲ့တယ်။ ဒီတပုဒ်မှာလည်း ကျနော်တို့ကို အကူအညီ တောင်းတယ်။ ငြိမ်းချမ်းရေးသီချင်း တကယ်လည်း ငြိမ်းချမ်းရေးသီချင်းပါပဲ။ ဒီအပေါ်မှာ စည်းလုံးစေချင်တယ်။ မည်သည့်နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ပါတီတွေ တခြားသော ကဏ္ဍတွေ တခုမှ မပါပါဘူး။ ကျနော်တို့အားလုံးရဲ့ ခံယူချက်ထဲမှာလည်း မရှိကြပါဘူး။ အားလုံးက အဲ့လိုသဘောထား မရှိကြပါဘူး။ တကယ်လည်း ခံစားပြီး သီဆိုလိုက်တာလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။
မေမဒီကလည်း “ကျနော်တို့ ဆိုခဲ့တာက နှလုံးသားနဲ့ဆိုခဲ့တာ အရောင်တွေ မပါဘူး။ နားဆင်တဲ့ ပရိသတ်တွေကလည်း တကယ်ကို ရင်ဘတ်နဲ့ နားဆင်ခံစားပေးဖို့အတွက် မျှော်လင့်ပါတယ်။ စီနီယာတွေအများကြီးပါတဲ့အတွက် ကျနော်တို့မှာ ဝေဖန် စွက်ဖက်ပိုင်ခွင့် မရှိပါဘူး” လို့ ပြောပါတယ်။
Music Video ရိုက်တဲ့အပိုင်းကိုတော့ မသိဘဲ သီချင်းသီဆိုမှု အပိုင်းမှာပဲ အာရုံစိုက်ထားတာဖြစ်ပြီး အဆိုတော်တယောက်၊ နိုင်ငံသားတယောက်အနေနဲ့ သီဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်း မဟုတ်သလို စေတနာအမှားဖြစ်ခဲ့ပြီး အကျိုးပြုသီချင်းဆိုရုံသာ သက်သက်သာ ဖြစ်တယ်လို့ သိရပါတယ်။
“အရင်တုန်းက ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ သေချာတာတခုက အနုပညာလမ်းကြောင်းပေါ် ရောက်လာပြီဆိုရင် အစွဲတော့ထားလို့ မရတော့ဘူး။ ကိုယ်ရေးကိုယ်တာ အားဖြင့်တော့ အစွဲရှိရင် ရှိမယ်။ အားပေးနေတဲ့ ပရိသတ်တွေ၊ မိဘဆွေမျိုးတွေအတွက် ဘယ်လိုမှ အစွဲထားလို့ မရဘူး။ အားလုံးသည် ကျနော်တို့ကို ချစ်တာကို လိုချင်ကြတာပဲ။ အနည်းဆုံးတော့ အမုန်းတော့ မခံချင်ကြဘူး”
“နိုင်ငံရေးလုပ်ဖို့ မပြောနဲ့ ပါဝင်ပတ်သက်ဖို့တောင် တကယ်တမ်းကြောက်တယ်။ ဘာလို့ ကြောက်လဲ။ ကျနော်တို့ ပရိသတ်တွေ မုန်းမှာ အရမ်းကြောက်တယ်။ အထင်အမြင်လွဲမှာ အရမ်းကြောက်တယ်။ ကိုယ်လည်း နားလည်တာ မဟုတ်တဲ့အတွက် ကြောက်တယ်။ အဲ့အပေါ်မှာ အထင်အမြင်လေး မလွဲဖို့နဲ့ ကျနော်တို့ရဲ့ဖြစ်တည်မှုကို နားလည်ပေးပြီးတော့ ပါဝင် ပတ်သက်တဲ့အပေါ်မှာ ဖြေရှင်းရင်းနဲ့ တခါတည်း တောင်းပန်တာလည်း ပါပါတယ်” လို့ မူးလာက ပြောပါတယ်။
အဆိုပါ Music Video နဲ့ပတ်သက်ပြီး ရိုက်ကူး ပုံဖော်ထားသူ အဆိုတော် ယုန်လေးကလည်း အများပြည်သူများကို တောင်းပန်ခဲ့ပါတယ်။ အဆိုတော် ယုန်လေးကိုတော့ ယနေ့၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကနေ နယက ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ရိုက်ကူးခွင့် ၁ နှစ် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
You may also like these stories:
“အနုပညာသမားတွေက ပရိသတ်မုန်းမှာ စိုးတယ်”လို့ ဦးဝင်းမြိုင် ပြော
“ယုန်လေးက အစည်းအရုံးဝင် မဟုတ်တဲ့အတွက် တောင်းပန်စရာ မလိုဘူး”
မို့မို့မြင့်အောင်ကို မိတ်ကပ်လိမ်းခြယ် ပေးခဲ့တဲ့ Makeup Artist ကိုမာ