Myanmar Idol Season 4 ကနေတဆင့် ပရိသတ်လက်ခံတဲ့ အဆိုရှင်တယောက် ဖြစ်လာခဲ့တဲ့ မူးလာကတော့ အချစ်၊ အလွမ်းသီချင်းတွေထက် အကျိုးပြုသီချင်းတွေကို သီဆိုရတာ ကြိုက်တယ်လို့ ပြောပါတယ်။
“အကျိုးပြုသီချင်းတွေ ဘာလို့ကြိုက်တာလဲဆိုတော့ ချစ်ရရင် မပူဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လည်း အကျိုးပြုတဲ့ဟာမျိုး အကျိုးပြုတဲ့သူတယောက် ဖြစ်ချင်တယ်”
“လူသားတွေအားလုံးကလည်း တယောက်နဲ့ တယောက် ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင် နိုင်ငံတော် ကမ္ဘာကြီးအတွက် အကျိုးပြုတဲ့လူတယောက်ဖြစ်ဖို့ လိုတယ်။ အဲဒါလေးကို လှုံ့ဆော်ပေးတဲ့ အဆိုတော်တယောက် အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် အကျိုးပြုသီချင်းတွေဆို စိတ်ဝင်စားသလို ပိုပြီးတော့လည်း ဆိုချင်တယ်” လို့ မူးလာက ပြောပါတယ်။
အကျိုးပြုသီချင်းတွေက လိုလည်လိုအပ်သလို တိမ်မြှုပ်နေတဲ့ အပိုင်းတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“အချစ်သီချင်း ၊ အလွမ်းသီချင်းဆိုတာ ချစ်တယ် လွမ်းတယ် ဆွေးတယ်။ ပူလောင်နေတဲ့ ကာလမှာ တကယ်တမ်း လူ့ဘောင်အဖွဲ့အစည်းမှာ အကျိုးပြုသီချင်းဆိုတာ တိမ်မြှုပ်နေတဲ့ အပိုင်းလေးတွေ ရှိတယ်။ အဲ့အပေါ်မှာ ကျနော်တို့ရဲ့အတွေးတွေက နည်းနည်းလေးစီ အားနည်းနေကြတယ်ပေါ့။ အဲဒါလေးကို အနုပညာရှင်တွေက ဆိုနေကြတယ်။ ဒါဟာ လိုအပ်ချက်ကို လှုံ့ဆော်ပေးတဲ့ သဘောပါပဲ။ အကျိုးပြုသီချင်းတွေက လိုလည်း လိုအပ်သလို ခုံမင်တယ်ပေါ့” လို့ မူးလာက ပြောပါတယ်။
မကြာခင်ရက်ပိုင်းမှာလည်း မူးလာက “ပတ်ဝန်းကျင်” ဆိုတဲ့ သီချင်းထွက်သွားဖို့ရှိပြီး ဒီသီချင်းအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“ဒီသီချင်းကတော့ ထွက်ဖို့ကိုတော်တော်ကြာနေပြီ။ အမြည်းကျွေးရင်းနဲ့ အရင်းတောင်ပြုတ်နေပြီ။ ဒီသီချင်းလေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒီ ၁၀ ရက်နေ့ကျရင် ထွက်ဖို့အတွက် စီစဉ်ထားပါတယ်။ ကိုထက်အောင်ကျော် ရေးထားတာ ဖြစ်ပါတယ်”
“ပတ်ဝန်းကျင်အကြောင်းကိုပြောတော့ ပုံမှန်ဆို အချစ်သီချင်းတွေနဲ့ ဖီးလ်နေတဲ့သူတယောက် ဆိုတော့ ကျနော်ကိုယ်တိုင်လည်း အကျိုးပြုသီချင်းတွေကို ဆိုချင်တာဖြစ်တဲ့အတွက် ၃ လပိုင်းကတည်းက လုပ်နေတာ အခုမှ ထွက်နိုင်တော့မှာပေါ့။ အခုအချိန်မှာတော့ ထွက်နိုင်တော့မယ်လို့ ထင်တယ်” လို့ မူးလာက ပြောပါတယ်။
“ဒီသီချင်းလေးမှာတော့ ဖြစ်ပျက်နေတဲ့ ကျနော်တို့ ပတ်ဝန်းကျင်ရယ်၊ ကျနော်တို့ ကျင်လည်နေတဲ့ လူ့ဘောင်အဖွဲ့အစည်းမှာလည်း ဖြစ်ပျက်နေတာလေးတွေ ရှိတယ်။ တယောက်နဲ့ တယောက် အဲ့လိုရှိတာလေးတွေကို ပြုပြင်စရာရှိတာကို ပြုပြင်မယ်။ သင်ယူစရာရှိတာကို သင်ယူမယ်။ ရှေ့ဆက်သာယာလှပတဲ့ လူ့ဘောင်အဖွဲ့အစည်းကို ရည်မှန်းတဲ့ သီချင်းပေါ့။ နှလုံးသားနဲ့ နားဆင်ပြီးတော့ သေချာလေးတွေးတောခံစား နားဆင်စေလိုပါတယ်” လို့ မူးလာက ပြောပါတယ်။
အဆိုပါ “ပတ်ဝန်းကျင်” သီချင်းကိုတော့ သြဂုတ်လ ၁၀ ရက်နေ့မှာ ထွက်ရှိသွားမှာပဲ ဖြစ်ပါတယ်။
You may also like these stories:
တကိုယ်တော်ခွေအတွက် အကြွေးတွေ အများကြီး ရှိနေတဲ့ မေမဒီ
ယုန်လေးရဲ့ Music Video နဲ့ ပတ်သက်ပြီး ရှင်းပြတဲ့ Myanmar Idol အဆိုရှင် ၄ ယောက်