သစ္စာမေတ္တာရွှေမန်းသဘင် အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့မြေး၊ မင်းသား ဆန်းဝင်းရဲ့သား ဖြစ်သူ၊ လက်ရှိမှာ အောင်မြင်နေတဲ့ ဇာတ်မင်းသားတဦးဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်းက ကိုဗစ်ကာလမှာ ကျန်းမာရေးနဲ့အညီ ကပြဖျော်ဖြေနိုင်ခဲ့လို့ ဝမ်းသာတယ်လို့ ဆိုပါတယ်။
“ကျနော်တို့တွေ ဒီပွဲစဖြစ်သွားပြီဆိုကတည်းက ကပြဖျော်ဖြေပြီးတဲ့အထိ အရမ်းဝမ်းသာတာပေါ့။ အခုလို စီစဉ်ပေးကြတဲ့ ကိုရွှေမန်းတို့ မာလာမြိုင် Group ကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုဗစ်ဖြစ်နေတဲ့ အချိန်မှာ ပွဲကဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုလို ဖြစ်လာတယ်ဆိုတာလည်း ကံကောင်းလို့ပေါ့။ ပရိသတ်လည်း မပါဘဲ ကျန်းမာရေးနဲ့အညီ ကပြ ဖျော်ဖြေနိုင်ခဲ့တယ်။ အခုလို ကပြဖျော်ဖြေရတာ ပိုပြီးတော့ ကောင်းသွားတာပေါ့”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။
ဆက်လက်ပြီး ဒီလိုပွဲမျိုးကို ညီဖြစ်သူ ဟန်ဇာမိုးဝင်းနဲ့အတူ ကပြဖျော်ဖြေဖို့ရှိသလို သားငယ်လေးနဲ့လည်း အတူ ဖျော်ဖြေဖို့ ရှိတယ်လို့ ဆိုပါတယ်။
“ဒီပွဲကို ကျနော်တို့ ညီအစ်ကို နှစ်ယောက်လည်း အတူတူ တွဲကဖျော်ဖြေဖို့ ရှိတယ်။ သားသားလေးနဲ့လည်း ဖျော်ဖြေဖို့ ရှိပါတယ်။ ကျနော်တို့ ကပြဖျော်ဖြေတာကို ပရိသတ်တွေကလည်း အရမ်းအားပေး ကြတယ်။ ကြိုက်ကြတယ်။ ပွဲကရတာထက်ကို ၂ ဆ ပင်ပန်းတယ်။ ၂ နာရီအတွင်း ရအောင် ကပြ ဖျော်ဖြေရတယ်”
“ချပြတဲ့နေရာမှာလည်း သဘင်နဲ့ ပတ်သက်တာတွေ ချပြတာဆိုတော့ စတိတ်ရှိုးတွေ ထည့်ရတာ မဟုတ်တော့ သေချာလေး စိစစ်ပြီး လုပ်ရတယ်။ မကရင်လည်း နေလို့ ရပါတယ်။ သဘင်ပရိသတ်ကို လေးစားလို့ အခုလို ဖျော်ဖြေကပြတာပါ”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။
အွန်လိုင်းကနေ ကပြဖျော်ဖြေပေမယ့် ပရိသတ်တွေ ကြိုးစားမှုကို အသိပြုပြီး ကြည့်ပေးပါလို့ တင်မောင်ဆန်းမင်းဝင်းက ဆိုပါတယ်။
“ကိုဗစ်ကာလမှာ စားထားတော့ ဝိတ်ကျအောင်လည်း မနည်းကြိုးစားထားရပါတယ်။ ပြန်ကရချိန်မှာ ကရတာ နည်းနည်း ခက်သွားတယ်။ ကြိုးစားပြီးတော့ ကပြထားပါတယ်။ ထိုင်တာ ထတာပဲ အခက်အခဲ နည်းနည်းရှိပါတယ်။ ကျန်တာတော့ အဆင်ပြေပါတယ်။ ကျနော်တို့က စေတနာနဲ့ ကပြတာပါ။ ပရိသတ်နဲ့ ထိတွေ့ပြီး ကချင်တာ။ အခုက အွန်လိုင်းပေါ်က ဆိုပေမယ့်ရသတခုတော့ ပရိသတ် ရနိုင်ပါတယ်”
“ကြိုးစားမှုကို အသိအမှတ်ပြုရင် ကြည့်ပေးပါလို့ ပြောချင်တယ်။ မတူတဲ့ရသ တခုကို ရမှာပါ။ ၃ လ ကပြ ဖျော်ဖြေမှာဆိုတော့ ပရိသတ်တွေ အားပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဟန်ဇာ့ အလှည့်မှာ ကျနော် ဒါရိုက်တာ၊ ကျနော့် အလှည့် မှာ ဟန်ဇာက ဒါရိုက်တာ။ တိုင်တိုင်ပင်ပင်နဲ့ လုပ်ရတာ ပျော်ဖို့ကောင်းပါတယ်”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။
“သစ္စာ မေတ္တာ ရွေမန်းသဘင်” မှ ခေါင်းဆောင်မင်းသား တင်မောင်ဆန်းမင်းဝင်းနဲ့ “မဟာရန်ကုန် စံပြသဘင်” ရဲ့ ခေါင်းဆောင် မင်းသား ဟန်ဇာမိုးဝင်းတို့ ကတဲ့ “မာလာမြိုင် မိုးရာသီ သဘင်ပွဲတော်” ကို အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့များတွင် Channel K နဲ့ 7th Sense Creation တို့မှ ထုတ်လွှင့်ပြသနေတယ်လို့ သိရပါတယ်။