မကြာခင် ရုံတင်ပြသတော့မယ့် “Space Sweepers” ကိုရီးယားရုပ်ရှင်မှာ မင်းသား ဆောင်းဂျွန်ကီဟာ “The Victory” လို့ခေါ်တဲ့ အာကာသအမှိုက်သိမ်းယာဉ်ရဲ့ ပိုင်းလော့ ထယ်ဟိုအဖြစ် သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ ၂၀၉၃ နှစ်ကာလမှာရှိမယ့် “The Victory” ယာဉ်ဝန်ထမ်းတွေအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။
သူတို့အဖွဲ့ဟာ ဖျက်အားပြင်း လက်နက်လို့ သိထားတဲ့ Dorothy အမည်ရှိ လူသားတပိုင်း စက်ရုပ်တရုပ်ကို ရှာတွေ့ခဲ့ပြီးတဲ့နောက် အန္တရာယ်ကြီးတဲ့ စီးပွားရေး သဘောတူညီချက်တခုမှာ ပါဝင်ခဲ့ရပါတယ်။
မင်းသား ဆောင်းဟာ မင်းသမီး ကယ်ထယ်ရီ၊ မင်းသား ဂျင်ဆွန်းဂျူနဲ့ မင်းသား ယူဟယ်ဂျင်းတို့နဲ့အတူ နာမည်ကျော်တွေ ပါဝင်ကြတဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။
ဒါဟာ ၃ နှစ်အတွင်း ပထမဆုံးထွက်ရှိလာမယ့် မင်းသားရဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ သူသရုပ်ဆောင်ထားတဲ့ ဇာတ်ကောင် ထယ်အိုဟာ UTS အဖွဲ့ဝင်ဟောင်းတဦးဖြစ်ခဲ့ပြီး မစ်ရှင် တခုအတွင်းမှာ သူ့ဆီကနေ အရာရာ ဆုံးရှုံးလိုက်ရတဲ့အပြင် အာကာသ အမှိုက်သိမ်းယာဉ်ပေါ်မှာ ပိုင်းလော့ တာဝန်ထမ်းရတဲ့အထိ ရာထူးကျသွားခဲ့ပါတယ်။
ဘဝရဲ့အောက်ဆုံးအခြေအနေအထိ ရောက်သွားခဲ့တဲ့ ထယ်ဟိုဟာ ပိုက်ဆံရဖို့ ဘာမဆို လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ သူဟာ ပိုင်းလော့ဖြစ်ပေမယ့် ဖိနပ်မပါ၊ ခြေအိတ်အပေါက်နဲ့အထိ ချို့တဲ့စွာနဲ့ ပိုင်းလော့အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး Dorothy ကို ရှာတွေ့ခဲ့ပြီးနောက်မှာတော့ သူ့အတွက် ပိုက်ဆံပိုရဖို့ ရှိသမျှ အကြံဉာဏ် အားလုံးကို အသုံးချခဲ့ပါတယ်။
မင်းသား ဆောင်းက “ကျနော် ဇာတ်ညွှန်းကို ပထမဆုံးမြင်လိုက်ရတဲ့အချိန် မျက်စိနောက်စရာ မကောင်းတဲ့၊ ဘာတခုကိုမှ ဖုံးကွယ်မထားတဲ့ ဒီဇာတ်ကောင်ကို သရုပ်ဆောင်ချင်ခဲ့ပါတယ်။ ထယ်အိုဟာ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတဲ့အတွက် အဲ့ဒီဇာတ်ကောင်ကို သရုပ်ဆောင်ချင်ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။
ထယ်အိုဟာ အပြင်ဘက်မှာ အေးစက်ပေမယ့် သူဟာ နွေးထွေးတဲ့လူတယောက်ဖြစ်တယ်လို့ မင်းသားက ဆိုပါတယ်။ သူက ချို့တဲ့မှု ရှိကောင်းရှိနိုင်ပေမယ့် ဘယ်အခြေအနေမှာမဆို သူ့ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို အသုံးချနိုင်တဲ့ ပါရမီရှင်တယောက်ဖြစ်တယ်လို့ မင်းသားက ဆိုပါတယ်။
မင်းသား ဆောင်းနဲ့အတူ အလုပ်လုပ်ခဲ့ရတာဟာ စိတ်ကျေနပ်ဖို့ ကောင်းခဲ့တယ်လို့ ဒါရိုက်တာ ဂျိုဆောင်းဟီးက ဆိုပါတယ်။ ဒါရိုက်တာ ဂျိုက “ဆောင်းဂျွန်ကီဟာ ဖန်တီးမှု၊ အသေးစိတ်ကျမှုတွေနဲ့ သူ့ရဲ့ ဇာတ်ကောင်တွေမှာ နေရာလွတ် မရှိအောင် ဖြည့်လေ့ရှိတဲ့ သရုပ်ဆောင် ဖြစ်ပါတယ်။ သူဟာ ထယ်ဟိုဆိုတာ ဘယ်သူလဲဆိုတာကို အပြည့်စုံဆုံး သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
မင်းသား ဆောင်းနဲ့ ဒါရိုက်တာ ဂျိုတို့ဟာ “A Werewolf Boy” ရုပ်ရှင်မှာ အတူတွဲပြီး အလုပ်လုပ်ခဲ့ကြဖူးပါတယ်။ “Space Sweepers” ရုပ်ရှင်ကိုလာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့ကျရင် ရုံတင်မှာ ဖြစ်ပါတယ်။
Ref:soompi
You may also like these stories:
Facebook ပေါ်က ကောလာဟလ သတင်းတွေကို ပြန်ဖြေရှင်းတဲ့ လမင်းကဗျာ
“ဆိုးပေ” ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ရင်ခုန်နေတဲ့ သဇင်ထူးမြင့်
လာမယ့်နှစ်မှာ “John Wick” ရုပ်ရှင် ဆက်တိုက် ရိုက်မယ့် Keanu Reeves