အသက် ၆၅ နှင့်အထက် ရှိတဲ့ ဘောလိဝုဒ် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေကို ရုပ်ရှင်ဇာတ်လမ်းတွေ ပြန်လည် ရိုက်ခွင့်ပြုတော့မယ်လို့ အနုပညာလုပ်ငန်း တာဝန်ရှိသူတဦးက သြဂုတ်လ ၇ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ရုပ်ရှင်ရိုက်ကွင်းတွေမှာ အသက်ကြီးတဲ့သူတွေ ရှိနေမှုကို ကန့်သတ်မယ့် COVID-19 ဆိုင်ရာ ကန့်သတ်ချက်တွေကို အိန္ဒိယတရားရုံးတခုက ပြင်ဆင် သတ်မှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ရိုက်ကွင်းရှုတင်တွေမှာ သက်ကြီးပိုင်းရုပ်ရှင်တွေ ပါဝင်ခွင့်ကို တားမြစ်ပြီး လူစုလူဝေး ပါဝင်တဲ့ ဇာတ်ကွက်တွေကို ကန့်သတ်ထားတဲ့ စည်မျဉ်းတွေကြောင့် ကမ္ဘာပေါ်မှာ ရုပ်ရှင်ဇာတ်ကား အများဆုံးထွက်ရှိရာ ဘောလိဝုဒ်လုပ်ငန်းမှာလည်း ရိုက်ကူးရေးလုပ်ငန်းတွေကို ပြန်လည် စတင်နိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က ချမှတ်ခဲ့တဲ့ မွမ်ဘိုင်းတရားရုံး ဆုံးဖြတ်ချက်အရ အသက် ၆၅ နှစ်အထက် သရုပ်ဆောင်တွေကို လုပ်ငန်းပြန်လည် လုပ်ဆောင်ခွင့်ပြုမှာ ဖြစ်တာကြောင့် အသက် ၇၇ နှစ်အရွယ် အမီတာဘဂျမ်းတို့လို ပုဂ္ဂိုလ်တွေဟာ ရိုက်ကူးရေး ပြန်လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။
အိန္ဒိယရုပ်ရှင်ထုတ်လုပ်သူများအသင်း(IMPPA) ရဲ့ အတွင်းရေးမှူး Anil Nagrath က “ရိုက်ကွင်းတွေထဲ ဝင်ရောက်ခွင့် တားမြစ်ခံထားရတဲ့ အသက် ၆၅ နှစ်အထက် အနုပညာရှင်တွေ၊ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ၊ နည်းပညာရှင်တွေအားလုံးကို ဘာအတားအဆီးမှ မရှိဘဲ အလုပ်ပြန်လည်လုပ်ဆောင်ဖို့ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အရင်က ရှိခဲ့တဲ့ တားမြစ်ချက်တွေက သက်ကြီးရွယ်အိုတွေကို ဖယ်ကြဉ်ရာ ရောက်ပြီး တရားမျှတမှု မရှိတာကြောင့် ဘုံဘေတရားရုံးချုပ်ထံ အဲ့ဒီတားမြစ်ချက်ကို ပယ်ဖျက်ပေးဖို့ IMPPA အသင်းက အသနားခံစာ တင်ပေးခဲ့တာ ဖြစ်ပါတယ်။
အခုလို တရားရုံး ဆုံးဖြတ်ချက်ဟာ မွမ်ဘိုင်းမြို့ရဲ့ Nanavati ဆေးရုံမှာ COVID-19 ကုသမှု ခံယူခဲ့တဲ့ မင်းသားကြီး အမီတာဘဂျမ်းဟာ ဆေးရုံကနေ ဆင်းလာပြီး ရက်အနည်းငယ်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သားဖြစ်သူ မင်းသား Abhishek ဟာ ဆေးရုံမှာ ရှိနေဆဲဖြစ်ပြီး ချွေးမ မင်းသမီး Aishwarya Rai နဲ့ မြေး Aaradhya တို့ဟာလည်း ဆေးရုံကနေ ဆင်းခဲ့ကြပြီ ဖြစ်ပါတယ်။
ဘောလိဝုဒ် လုပ်ငန်းတွေ တည်ရှိရာ Maharashtra ပြည်နယ်အစိုးရကတော့ နာမည်ကျော် ဟင်ဒီစကားပြော ရုပ်ရှင်တွေမှာ ပါဝင်လေ့ရှိတဲ့ အကဇာတ်ဝင်ခန်းတွေနဲ့ တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းတွေကိုတော့ ရိုက်ကူးခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
သရုပ်ဆောင်တွေအနေနဲ့လည်း နမ်းရှုပ်ခြင်း၊ ပွေ့ဖက်ခြင်းတွေကို ပြသတဲ့ ဇာတ်ဝင်ခန်းတွေကို လုပ်ဆောင်ခွင့်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ရိုက်ကူးရေး ဝန်ထမ်းတွေအနေနဲ့လည်း ဆေးကုသရေးနဲ့ အသက်အာမခံ ထားရှိရမှာဖြစ်ပြီး ထုတ်လုပ်သူတွေအနေနဲ့ ဆရာဝန်၊ သူနာပြုနဲ့ လူနာတင်ယာဉ်တစီးကို ရိုက်ကူးရေးမှာ ထားရှိပေးရမယ်လို့လည်း သိရပါတယ်။
Ref: thejakartapost
You may also like these stories:
လာမယ့်နှစ်မှာ “John Wick” ရုပ်ရှင် ဆက်တိုက် ရိုက်မယ့် Keanu Reeves
Marvel ရုပ်ရှင် “Shang-Chi” မှာ ပါဝင်လာနိုင်ချေရှိတဲ့ မင်းသမီး Michelle Yeoh
Ariana Grande ရဲ့ ဖျော်ဖြေပွဲ မှတ်တမ်းရုပ်ရှင်ကို ပြသရန် Netflix ကမ်းလှမ်း