“ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမယ့် ထွန်းဝီရက ဇာတ်ဝင်ခန်းတိုင်းက စိန်ခေါ်မှုတခု ဖြစ်တာကြောင့် အိုက်တင်တွေ မလွန်ကဲအောင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“ကျနော် ငယ်ငယ်တုန်းက ကလေးသရုပ်ဆောင်လုပ်ပြီး ရပ်လိုက်ပြီး အနုပညာလုပ်ငန်းထဲ ပြန်စဝင်တဲ့အချိန် ရွှေကြိုပြီးတော့ “ဆိုးပေ” ဇာတ်လမ်းတွဲက ကျနော်အတွက် ပထမဆုံးခြေလှမ်းလို့ ပြောလို့ရပါတယ်။ ကျနော် ဒီကားထဲမှာ တင့်ဆွေဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်မှာပါ။ ဟာသကားဖြစ်တာကြောင့် ကျနော့်အတွက် ခက်တယ်”
“ဒီဇာတ်ကားထဲမှာ ကျနော်ပါဝင် သရုပ်ဆောင်ရမယ့် ဇာတ်ဝင်ခန်းတိုင်းက ကျနော့်အတွက် စိန်ခေါ်မှု တခုပါပဲ။ အိုက်တင်တွေ မလွန်ကဲအောင်လည်း အရမ်းပြင်ဆင်ရပါတယ်။ တာဝန်ကြီးပါတယ်”လို့ ထွန်းဝီရက ပြောပါတယ်။
ဆက်လက်ပြီး ထွန်းဝီရက ပရိသတ် အားပေးမှုနဲ့ ထိုက်တန်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။
“ဒီအရွယ်မှာ ပထမဆုံးအနေနဲ့ နေရာတခုအတွက် ပါဝင်ခွင့်ရတာကိုက အရမ်း အခွင့်အရေးဖြစ်တယ်။ ဒီအခွင့်အရေးကို ဘယ်လိုမျိုး အသုံးချမလဲဆိုတာ ကျနော့်အပေါ် မူတည်တဲ့အတွက် ကြိုးစားရင် ကြိုးစားသလောက် ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်ချက် ထားပါတယ်။ ပရိသတ် အားပေးမှုနဲ့ ထိုက်တန်အောင် ကျနော် ကြိုးစားသွားမှာပါ။ တကယ်ကို စိတ်ရင်းနဲ့ အပြည့်အဝ ခံစားပြီး ကြိုးစားသွားမယ့် ဇာတ်ကားလေးပါ။ ပရိသတ်တွေလည်း အားပေးစေချင်ပါတယ်” လို့ ထွန်းဝီရက ပြောပါတယ်။
နေမိုးဝင်းနဲ့ တွဲဖက် သီဆိုထားတဲ့ “ရည်းစားလိုချင်တယ်”သီချင်း သီဆိုဖြစ်ပုံကိုလည်း ထွန်းဝီရက အခုလိုပဲ ဆိုပါတယ်။
“ကျနော်မှာ အနုပညာသွေးတော့ ပါတယ်။ သဘင်ဘက်ကတော့ ငယ်ငယ်လေးကတည်းက အခွင့်အရေး မပေးခဲ့တော့ ရုပ်ရှင်ဘက်ကို ပိုသွားဖြစ်မယ် ထင်ပါတယ်။ သီချင်းဆိုတာကတော့ အခက်အခဲ ရှိတယ်။ ရွှေကြိုလုပ်နေတုန်း ကိုဗစ်ဖြစ်တော့ ဘာလှုပ်ရှားမှုမှ မရှိတော့ ကျနော်က ပရိသတ်နဲ့ အဆက်မပြတ်အောင် ဘယ်လိုလေး လုပ်ရမယ်ဆိုတာ ကျနော် စဉ်းစားတယ်”
“ကိုယ့်ဘာကိုယ် Facebook က တင်တာတွေ ရှိပေမယ့် အနုပညာနဲ့ ပတ်သက်ပြီး ဘာလုပ်ပြရမှန်း မသိဘူး။ အဲ့ဒါနဲ့ နေမိုးဝင်းနဲ့ သီချင်း လုပ်ဖြစ်သွားတာ။ ပရိသတ်ဆီက ဘာပြန်ကြားလဲဆို အကုန်လုံးကကောင်းတာပြောတဲ့သူ ရှိသလို ဆိုးတာပြောတဲ့သူ ရှိမယ်။ ကျနော်တို့ နှစ်ယောက် နောက်ထပ် သီချင်းလေး တပုဒ်လည်း လုပ်ဖို့ ရှိတယ်” လို့ ထွန်းဝီရက ပြောပါတယ်။
ထွန်းဝီရကိုတော့ ကလေးသရုပ်ဆောင် တယောက်အဖြစ် တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာ ဖြစ်ပါတယ်။ ထွန်းဝီရ ပါဝင်သရုပ်ဆောင်မယ့် “ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်) ရိုက်ကူးမှာ ဖြစ်ပါတယ်။
“ဆိုးပေ” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်များအနေနဲ့ အကယ်ဒမီ ထွန်းထွန်း၊ ထွန်းဝီရ၊ နောင်ထူး၊ အကယ်ဒမီ ပိုင်ဖြိုးသု၊ သဇင်ထူးမြင့်၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံနဲ့ အခြား သရုပ်ဆောင်များ၊ ကလေးသရုပ်ဆောင်များစွာ ပါဝင်ပါတယ်။
You may also like these stories:
“ဆိုးပေ” ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ရင်ခုန်နေတဲ့ သဇင်ထူးမြင့်