ကိုဗစ်ကာလအတွင်းမှာ ပွဲလမ်းသဘင်တွေ မရှိတော့တဲ့အတွက် အဆိုတော်တွေအနေနဲ့ ဝင်ငွေ မရှိတာကြောင့် စုဆောင်းထားတာတွေနဲ့ ရပ်တည်နေကြတယ်လို့ အဆိုတော် ဆိုဖီယာနဲ့ ကေကေမိုးက ပြောပါတယ်။
“အဆိုတော်တွေ အတွက်ကျတော့ ပွဲလမ်းသဘင်လုပ်မှပဲ အလုပ်လုပ်ရတာဆိုတော့ ကေတို့ အနုပညာထဲမှာဆိုရင် ရုပ်ရှင်ပိုင်း ရှိမယ်။ အဆိုပိုင်း ရှိမယ်။ တခြားအပိုင်းတွေလည်း ရှိမယ်”
“အဆိုတော်တွေကျတော့ ပွဲလမ်းသဘင်ရှိမှ အလုပ်လုပ်ရတာဆိုတော့ ကေကေတို့က ဘိတ်ဆုံးပဲ။ လောလောဆယ်မှာ လူစုလူဝေး မရသေးဘူးဆိုတော့ သေချာတယ်။ ဒီနှစ်တောင် အလုပ်လုပ်ရမယ် မထင်ဘူး။ အခုက ဘာအလုပ်မှ မရှိဘူး။ ဝင်ငွေ မရှိဘူးဆိုတော့ ကေကေတို့ စုဆောင်းထားတာလေးတွေနဲ့ပဲ နေနေတာပေါ့”လို့ ကေကေမိုးက ပြောပါတယ်။
ဆိုဖီယာက “ကြားထဲမှာ အလုပ်ပေါ်လာတာတွေလည်း ရှိတာပဲ။ ကြော်ငြာသီချင်း ဆိုရတာမျိုးလေးတွေ၊ တခြားအလုပ်လေးတွေ ပေါ်လာတာပေါ့။ အလုပ်က ဇီးရိုးဖြစ်သွားတာတော့ မဟုတ်ဘူး။ အများကြီးကြိုးစားခဲ့တဲ့အတွက် အဲ့အရှိန်ကတော့ အနည်းနဲ့အများတော့ တင်နိုင်တာပါ။ အရင်တုန်းကရဲ့ ၃ ပုံ ၁ ပုံပဲ လုပ်နိုင်တော့တာပေါ့” လို့ ပြောပါတယ်။
ဒီကာလအတွင်းမှာတော့ ဆိုဖီယာက ကိုယ့်ကိုယ်ကိုယ် ကောင်းတာရော၊ ဆိုးတာရော သုံးသပ်မိပြီး မိသားစု၊ သူငယ်ချင်းတွေကိုလည်း အချိန်ပေးဖြစ်တယ်လို့ ဆိုပါတယ်။
“အသိတရားရတယ် ဆိုတာထက် ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ အနားယူလိုက်ရတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိတယ်။ ပြန်လေ့လာဖြစ်တယ်။ မိသားစုကိစ္စတွေ၊ Relationship တွေ၊ သူငယ်ချင်းတွေနဲ့ဆိုလည်း ပုံမှန် တပတ် ၂ ခေါက်လောက် တွေ့ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်လေ့လာဖြစ်တယ်။ သုံးသပ်ဖြစ်တယ်။ ကောင်းတာရော၊ ဆိုးတာရောပေါ့”လို့ ဆိုဖီယာက ပြောပါတယ်။
ကေကေမိုးက “အရင်က အလုပ်အရမ်းများတော့ ခရီးအမြဲသွားနေရတော့ အိမ်မှာမနေဖြစ်ဘူးပေါ့။ ခရီးမသွားရင်တောင် ရန်ကုန်မှာ ကိုယ့်အလုပ်နဲ့ကိုယ် ရှိတယ်ဆိုတော့ အိမ်မှာ မနေဖြစ်ဘူး။ သူငယ်ချင်းအချင်းချင်းကလည်း လိုင်းပေါ်မှာသာ စကားပြောဖြစ်တာ အပြင်မှာ မတွေ့ဖြစ်ဘူး။ အခုကျတော့ အရမ်းအားနေတော့ ဆုံကြတယ်။ ဟင်းချက်စားဖြစ်တယ်” လို့ ပြောပါတယ်။
ကေကေမိုးနဲ့ ဆိုဖီယာကတော့ ခင်မင်တာ ၂ နှစ်ကျော်ရှိပြီဖြစ်ပြီး တယောက်နဲ့ တယောက်လည်း အကြံပေးဖြစ်တယ်လို့ ဆိုပါတယ်။
You may also like these stories:
“ဆိုးပေ” ဇာတ်လမ်းတွဲမှာ တင့်ဆွေ ကာရိုက်တာ ပါဝင်သရုပ်ဆောင်မယ့် ထွန်းဝီရ
Facebook ပေါ်က ကောလာဟလ သတင်းတွေကို ပြန်ဖြေရှင်းတဲ့ လမင်းကဗျာ
“ဆိုးပေ” ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ရင်ခုန်နေတဲ့ သဇင်ထူးမြင့်