တေးရေး တက္ကသိုလ်ထွန်းနောင်ရဲ့ “ရည်းစားလိုချင်တယ်” သီချင်းကို ပြန်ဆိုတေးအဖြစ် ပြန်လည် သီဆို ဖန်တီးခဲ့တဲ့ နေမိုးဝင်းက သီချင်းသီဆိုဖြစ်ပုံကို အခုလိုပဲ ပြောပါတယ်။
“ရည်းစားလိုချင်တယ် သီချင်းလေး လုပ်ဖြစ်တာက ထွန်းဝီရ ရွှေကြိုသွားလျှောက်တဲ့ ပုံတွေ ကြည့်ရင်း အဲ့ သီချင်းလေး တက်လာတော့ ဘယ်သူမှ ပြန်မဆိုကြသေးဘူး။ အဲ့သီချင်းလေး ဆိုမလားလို့ ထွန်းဝီရကို ဖုန်းဆက်လိုက်ပြီး ငါတို့ ဆိုလိုက်ရင်တော့ အသစ်အဆန်းဖြစ်မယ်ဆိုပြီး နှစ်ယောက် တိုင်ပင်ပြီးဆိုဖြစ်သွားတယ်။ Music Video က ဦးခင်လှိုင် အိုင်ဒီယာပါ။ ကျနော် သီချင်း Mixing ပြီးတော့ ကိုထွန်းနဲ့ ကိုရဲလေးကို ပြတယ်။ ဘာလိုအပ်လဲ ပြောပြပေးပါ သွားမေးတယ်”
“သူတို့ကလည်း လိုအပ်တာတွေ ပြောတယ်။ Mixing ပြီးတာတောင် မကြိုက်လို့ ပြန်လုပ်နေရတာ ၂ လလောက် ကြာတယ်။ ကျနော်တို့ ဘေးကနေ အကူအညီ အများကြီး ယူရပါတယ်။ ကျနော် သီချင်းတွေ ဆက်ရေးနေပါတယ်။ သွင်းထားတဲ့ သီချင်းတွေလည်း ရှိတယ်။ သီချင်းတွေလည်း လာဖို့ရှိပါတယ်။ နောက်လထဲမှာလည်း သီချင်းတပုဒ် ထွက်ဖို့ ရှိတယ်။ ကျနော်တို့ နှစ်ယောက် နောက်ထပ် သီချင်းလေးတပုဒ်လည်း လုပ်ဖို့ ရှိတယ်”လို့ နေမိုးဝင်းက ပြောပါတယ်။
အနုပညာမျိုးရိုး ဖြစ်ရတဲ့အတွက် ဝမ်းသာတယ်လို့ ဆိုတဲ့ နေမိုးဝင်းက အနုပညာတွေ လုပ်ငန်းတွေကို အများကြီး ကြိုးစားလုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။
“ကျနော် သရုပ်ဆောင်လုပ်ဖို့လည်း အစီအစဉ် ရှိပါတယ်။ “နေရယ် လရယ် အမှန်တရားရယ်” မှာတုန်းကလည်း ပါဝင်ဖူးပါတယ်။ လောလောဆယ်တော့ ရိုက်ဖို့ မရှိသေးဘူး။ “ဆိုးပေ” ဇာတ်လမ်းတွဲမှာတော့ တပိုင်းတော့ ပါဖို့တော့ ရှိတယ်။ ကျနော်တို့ မျိုးရိုးက အနုပညာတွေ လုပ်ကြတော့ ကျနော့်ကြောင့်ထိခိုက်မှာတော့ စိုးတယ်။ မျိုးဆက်ဖြစ်တဲ့အတွက်လည်း ဝမ်းသာတယ်”
“မျိုးဆက်တခု ဖြစ်အောင်လည်း သူတို့တွေက အရမ်းကြိုးစားခဲ့ရတယ်။ အဘိုးကနေ အဖေတွေ၊ ဦးလေးတွေ၊ အစ်ကို အစ်မတွေကလည်း အရမ်းကြိုးစားခဲ့ကြတယ်။ အဲ့လို ကြိုးစားခဲ့လို့လည်း သူတို့ နာမည်ရခဲ့တယ်။ အဲ့မှာ ကျနော်က သူတို့ရဲ့ မျိုးဆက်ဖြစ်ရတဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။ ကျနော်လည်း အနုပညာတွေ လုပ်ငန်းတွေကို အများကြီး ကြိုးစားပါဦးမယ်”လို့ နေမိုးဝင်းက ပြောပါတယ်။
နေမိုးဝင်းက သဘင်မင်းသားကြီး ဦးစိန်မာဒင်ရဲ့ မြေးတဦးဖြစ်ပြီး ဦးမိုးဝင်းရဲ့ သားဖြစ်ကာ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်းတို့ရဲ့ ညီအငယ်ဆုံးလည်း ဖြစ်ပါတယ်။
You may also like these stories:
“ဆိုးပေ” ဇာတ်လမ်းတွဲမှာ တင့်ဆွေ ကာရိုက်တာ ပါဝင်သရုပ်ဆောင်မယ့် ထွန်းဝီရ
Facebook ပေါ်က ကောလာဟလ သတင်းတွေကို ပြန်ဖြေရှင်းတဲ့ လမင်းကဗျာ
“ဆိုးပေ” ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ရင်ခုန်နေတဲ့ သဇင်ထူးမြင့်