စပိန်မင်းသား Antonio Banderas ဟာ COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီးတဲ့နောက် Quarantine နေထိုင်ခဲ့ရပေမယ့် အခြေအနေ ကောင်းမွန်တဲ့အကြောင်း သူ့ရဲ့ အသက် ၆၀ ပြည့်မွေးနေ့ဖြစ်တဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
မင်းသား Antonio က “COVID-19 ရောဂါကို စမ်းသပ်တွေ့ရှိခဲ့ရပြီးတဲ့နောက် ကျနော့်ရဲ့ ၆၀ နှစ်မြောက် မွေးနေ့ကို Quarantine ထဲမှာပဲ ကျင်းပခဲ့ရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ “The Mask of Zorro” ၊ “Philadelphia” ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားက သူငယ်စဉ်ကလေးဘဝတုန်းက အဖြူ၊ အမည်း ဓာတ်ပုံ တပုံနဲ့အတူ ထုတ်ပြန်ချက်တခုကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။
မင်းသားက “ကျနော် အခြေအနေ ကောင်းပါတယ်။ ပုံမှန်ထက်တော့ နည်းနည်း ပင်ပန်းနေပါတယ်။ ကျနော် ဖြစ်နိုင်ရင် အမြန်ဆုံး ပြန်လည် သက်သာလာလိမ့်မယ်လို့ ယုံကြည်ချက် ရှိပါတယ်။ အခုလို သီးခြား ခွဲနေရတဲ့အချိန်မှာ ပြီးဆုံးခဲ့ပြီးတဲ့ နှစ် ၆၀ အတွက် အဓိပ္ပာယ်ရှိမှုတွေ စတင်စေဖို့ အစီအစဉ်တွေ ဆက်လက် လုပ်ဆောင်တာ၊ စာဖတ်တာ၊ စာရေးတာနဲ့ အနားယူတာလုပ်ဖို့ အခွင့်အရေး ရခဲ့ပါပြီ” လို့လည်း ပြောဆိုခဲ့ပါတယ်။
သူ့နေအိမ်ရှိရာ ဗြိတိန်နိုင်ငံမှာ ၂၀၁၇ ခုနှစ်တုန်းက နှလုံးရောဂါ ခံစားခဲ့ရဖူးတဲ့မင်းသား Antonio က အခု လက်ရှိ ဘယ်မှာနေတယ်ဆိုတာကိုတော့ ပြောကြားခဲ့တာမျိုး မရှိခဲ့ပါဘူး။ မင်းသားဟာ သူ့ရဲ့ မွေးရပ်မြို့ Malaga နဲ့ သိပ်မဝေးတဲ့ စပိန်နိုင်ငံ တောင်ပိုင်းက Marbella မြို့မှာ အစီအစဉ် တင်ဆက်သူအဖြစ် ပြုလုပ်ရမယ့် ပရဟိတပွဲကို တက်ရောက်ခဲ့တာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ ကျရှုံးမှုဘက် ရောက်နေတဲ့ ရုပ်ရှင်ဒါရိုက်တာ တယောက်ရဲ့ အကြောင်း ပုံဖော်ထားတဲ့ စပိန်ဒါရိုက်တာ Pedro Almodovar ရဲ့ “Pain and Glory” ရုပ်ရှင်နဲ့ အော်စကာဆု ဆန်ခါတင် စာရင်းဝင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အကောင်းဆုံး ဇာတ်ဆောင် မင်းသားဆုကို ဟောလိဝုဒ်မင်းသား Joaquin Phoenix က ရရှိခဲ့ပါတယ်။
Ref: straitstimes
You may also like these stories:
အသက် ၆၅ နှစ်နှင့်အထက် ဘောလိဝုဒ် သရုပ်ဆောင်များ ရုပ်ရှင်ရိုက်ကူးခွင့် ပြန်ရရှိ
“Space Sweepers” ရုပ်ရှင်မှာ အာကာသပိုင်းလော့အဖြစ် သရုပ်ဆောင်ထားတဲ့ ဆောင်းဂျွန်ကီ
လာမယ့်နှစ်မှာ “John Wick” ရုပ်ရှင် ဆက်တိုက် ရိုက်မယ့် Keanu Reeves