နာမည်ကျော်အစီအစဉ်တွေရဲ့ ဒိုင်လူကြီး Simon Cowell ဟာ လျှပ်စစ်စက်ဘီး မတော်တဆမှုကြောင့် ကျောကုန်း ခွဲစိတ်ကုသမှုကို ခံယူခဲ့ရပြီး ဆေးရုံတရုံမှာ အနားယူနေတဲ့အကြောင်း ပြောခွင့်ရသူတဦးက သြဂုတ်လ ၉ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
Simon ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့တုန်းက စမ်းသပ် စီးနင်းနေတဲ့ စက်ဘီးပေါ်ကနေ ပြုတ်ကျခဲ့ပြီးတဲ့နောက် ကျောကုန်းမှာရှိတဲ့ နေရာတော်တော်များများ ထိခိုက်သွားခဲ့တယ်လို့ သူ့ရဲ့ ကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။ မိသားစုဝင်တွေလည်း သူနဲ့အတူ ရှိနေတယ်လို့ ဆိုပါတယ်။
ဖျော်ဖြေရေးလုပ်ငန်းရှင်ကြီး Simon ဟာ အခြေအနေ ကောင်းမွန်ပြီး နာမည် ဖော်ပြမထားတဲ့ ဆေးရုံ တရုံမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးတဲ့နောက် ကြည့်ရှုစောင့်ရှောက်မှုကို ခံယူနေတဲ့အကြောင်း ပြောခွင့်ရသူက ဆိုပါတယ်။ Simon ရဲ့ လက်တွဲဖော် Lauren Silverman က ဆေးရုံမှာ သူနဲ့အတူ ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။ Simon ရဲ့ ညလုံးပေါက် ၆ နာရီကြာ ခွဲစိတ်မှုအတွင်းမှာတော့ သတ္ထုချောင်းအစားထိုးမှု ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အခုလိုမျိုး ဒုက္ခတွေခံခဲ့ရပေမယ့် Simon ဟာ သူ့ကိုပြုစုပေးခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေကို အထူး ကျေးဇူးတင်တဲ့အကြောင်း ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါသေးတယ်။ ပြိုင်ပွဲဝင်တွေအပေါ် ရဲတင်းတဲ့ မှတ်ချက်တွေ ပေးတယ်ဆိုပြီး နာမည်ကြီးတဲ့ Simon ဟာ အကြံဉာဏ်တချို့ကိုလည်း ဝေမျှခဲ့ပါသေးတယ်။
သြဂုတ်လ ၉ ရက်နေ့ညမှာ သူက “တကယ်လို့ လျှပ်စစ်စက်ဘီးကို ဝယ်ကြမယ်ဆိုရင် ပထမဆုံးအကြိမ် မစီးခင် အညွှန်းကို သေချာဖတ်ကြပါ” လို့ ပြောဆိုခဲ့ပါတယ်။
Simon တို့ စုံတွဲနှစ်ဦးရဲ့ သား၊ Silverman ရဲ့ အရင်အိမ်ထောင်နဲ့ရခဲ့တဲ့ ကလေးတို့ဟာလည်း အဲ့ဒီ မတော်တဆမှု ဖြစ်တဲ့အချိန်မှာ သူနဲ့အတူ ရှိနေတယ်လို့ သိရပါတယ်။ အခုလိုမျိုး Simon ရဲ့ ဒဏ်ရာ ရရှိခဲ့မှုကြောင့် NBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေမယ့် ဒီနှစ်အတွက် America’s Got Talent အစပိုင်းကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
အဲ့ဒီ တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်ကို Simon ပါဝင်ခြင်း မရှိဘဲ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ပြုလုပ်မှာဖြစ်တယ်လို့ ရုပ်သံလိုင်းက ဆိုပါတယ်။ Season ၁၅ အထိ ရောက်ရှိလာပြီဖြစ်တဲ့ အဲ့ဒီအစီအစဉ်ကို Simon က ဖန်တီးခဲ့တာဖြစ်ပြီး ဒိုင်လူကြီးတဦးအနေနဲ့ တာဝန်ယူထားတာလည်း ဖြစ်ပါတယ်။
အဲ့ဒီအစီအစဉ်မှာ ဒိုင်လူကြီးတွေအဖြစ် Heidi Klum ၊ Howie Mandel နဲ့ Sofia Vergara တို့အပြင် အစီအစဉ် တင်ဆက်သူအဖြစ် Terry Crews က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ Simon ဟာ “Britain’s Got Talent”, “The X Factor” နဲ့ “American Idol” အစီအစဉ်တွေရဲ့ ဒိုင်လူကြီး တဦးလည်း ဖြစ်ပါတယ်။
Ref: CNA
You may also like these stories:
COVID-19 ကူးစက်ခံခဲ့ရတဲ့ စပိန်မင်းသား Antonio Banderas
အသက် ၆၅ နှစ်နှင့်အထက် ဘောလိဝုဒ် သရုပ်ဆောင်များ ရုပ်ရှင်ရိုက်ကူးခွင့် ပြန်ရရှိ
“Space Sweepers” ရုပ်ရှင်မှာ အာကာသပိုင်းလော့အဖြစ် သရုပ်ဆောင်ထားတဲ့ ဆောင်းဂျွန်ကီ