ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်) ရိုက်ကူးမယ့် “ဆိုးပေ” ဇာတ်လမ်းတွဲမှာ မယ်မြ ကာရိုက်တာ နေရာကနေ ပါဝင်သရုပ်ဆောင်မယ့် ပိုင်ဖြိုးသုက ဒီကားမှာ ပါဝင်ဖြစ်ပုံကို အခုလို ဆိုပါတယ်။
“ဆိုးပေ ဇာတ်လမ်းတွဲမှာ မယ်မြဆိုတဲ့ ကာရိုက်တာ၊ ဆိုးပေ အစ်မပေါ့။ ရွာမှာ သွက်သွက်လက်လက်နဲ့ ကောင်လေးတွေ လိုက်ရင် ပဲများတဲ့ ကောင်မလေးအနေနဲ့ သရုပ်ဆောင်ရမှာပါ။ ဦးခင်လှိုင် ပြောပြတဲ့အတိုင်း ကောက်စိုက်တာတွေလည်း သင်ရမှာ။ မသိတာတွေလည်း ဦးခင်လှိုင်ကို မေးရမှာတွေ ရှိတာပေါ့။ ဦးခင်လှိုင်ရိုက်တဲ့ “ချိုးရုပ်” ရုံတင်တုန်းက သွားကြည့်တယ်”
“မြန်မာ့ကျေးလက် ဓလေ့လေးတွေ ထည့်ရိုက်ထားတယ်။ အဲ့ကားကြည့်တုန်းကလည်း သုသု ငိုရတယ်။ ပျော်ရတဲ့ အခန်းတွေလည်း ပျော်ရတယ်။ အခု ဒီကားမှာလည်း ဇာတ်ညွှန်းကို တော်တော်လေး လုပ်ထားတယ်။ သုတို့ ကိုယ်တိုင် မသိသေးတဲ့ မြန်မာရိုးရာဓလေ့တွေ ထည့်ရိုက်မှာဆိုတော့ ပရိသတ်တွေကိုလည်း သိစေချင်တယ်”
“နောက် သုတို့ဆီမှာ ကလေးကား မရှိတာကြာပြီ ဆိုတော့ ပရိသတ်အတွက် ရသအသစ် ဖြစ်မှာပါ။ ဒီကားမှာ သုသု ဆံပင်ကို ဆံတောက်လေး လုပ်ရမယ်ဆိုတော့ ဆံတောက်လုပ်မယ့် ဆံပင်ပုံစံ အနေအထား လုပ်လိုက်ရတာ”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲမှာ ကလေး သရုပ်ဆောင်တွေ အများကြီးနဲ့အတူ တွဲရိုက်ရမှာဖြစ်ပြီး အဲဒီအပေါ်ကိုလည်း ပိုင်ဖြိုးသုက အခုလို ဆိုပါတယ်။
“ကလေးတွေ အများကြီးနဲ့ သုမရိုက်ဖူးဘူး။ သုကိုယ်တိုင် ကလေးသရုပ်ဆောင် လုပ်တုန်းကတော့ ရိုက်ဖူးတယ်။ ပျော်စရာကောင်းမယ်လို့ ထင်တယ်။ အခုခေတ် ကလေးတွေက သင်တာလည်း တတ်လွယ်တယ်။ အိုက်တင် လုပ်တတ်ကြတယ်”
“သုတို့ ငယ်ငယ်တုန်းက ဖုန်းတွေလည်း မရှိဘူးဆိုတော့ အရမ်းဆော့တာ။ ခြံထဲမှာ ရှိသမျှတွေ တက်တယ်။ ရေစင်ပေါ်တွေ တက်တယ်။ ငယ်ဘဝတုန်းက အရမ်းဆော့တာ သတိရတယ်။ သစ်ပင်ပေါ်က ပြုတ်ကျတာ ကြည့်မလား။ စက်ဘီး မှောက်တာ ကြည့်မလား။ ပြန်တွေးတိုင်းလည်း ပျော်ရတယ်။ ကလေးဘဝမှာ ဆော့ပြီး တလွဲ အမှတ်တရလေးတွေ ရှိတာက ပျော်ဖို့ကောင်းတယ် ထင်တယ်”
“အခုခေတ် ကလေးတွေက အပြင်ထွက်ဆော့တာ နည်းတယ်။ အခုခေတ် ဖုန်းတွေ ပေါ်လာတော့ ပြေးလွှားဆော့ကစားတာ သိပ်မရှိတော့ဘူး။ စာနဲ့ ပတ်သက်တာတွေဆို ခုခေတ် ကလေးတွေက ရှေ့ရောက်တယ်။ သုတို့ ငယ်တုန်းကကျတော့ လိုက်မေးရတာ။ သူတို့အတွက် သင်ယူချင်ရင် အလွယ်တကူ ဖုန်းကနေ ကြည့်လို့ရနေတော့ အဲ့ဒါလေးတော့ ကံကောင်းတယ် ထင်တယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
“ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်) ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ အကယ်ဒမီ ထွန်းထွန်း၊ ထွန်းဝီရ၊ နောင်ထူး၊ အကယ်ဒမီ ပိုင်ဖြိုးသု၊ သဇင်ထူးမြင့်၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံနဲ့ အခြား သရုပ်ဆောင်များ၊ ကလေးသရုပ်ဆောင်များစွာ ပါဝင်ပါတယ်။
You may also like these stories:
“ဆိုးပေ” ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ရင်ခုန်နေတဲ့ သဇင်ထူးမြင့်
ရိုက်ကူးရေးမရှိတဲ့ အနုပညာလောကသားတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ မေသဉ္ဖာဦး
“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားမှာ အချစ်ကြီးတဲ့ ကောင်မလေးအဖြစ် ပါဝင်ထားတဲ့ ပိုင်ဖြိုးသု