Entertainment

“နိုင်ငံရေး အမြင်မတူတာကို အပြစ်ပြောလို့ မရပါဘူး”လို့ သည်ခေတ်နေ ပြော

နိုင်ငံရေးနဲ့ပတ်သက်ပြီး အနုပညာရှင်တွေအနေနဲ့ မသက်ဆိုင်တာ မဟုတ်ဘဲ စိတ်ဝင်စားရမှာဖြစ်ပြီး သူ့အမြင်၊ ကိုယ့်အမြင် မတူကြတဲ့အပေါ် အပြစ်ပြောလို့ မရဘူးလို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။

“ကျနော့်ကိုယ်ပိုင်အမြင် ပြောရရင် အနုပညာရှင်နဲ့ နိုင်ငံရေးကတော့ မသက်ဆိုင်ဘူးလို့ မပြောဘူး။ သက်ဆိုင်ပါတယ်။ စိတ်ဝင်စားရမယ်ပေါ့။ ဒါပေမဲ့ အမြင်ကတော့ မျိုးစုံရှိမှာပဲ။ သူ့အမြင်၊ ကိုယ့်အမြင်တူမှာ မဟုတ်ဘူး။ ဒီလိုပဲ ကိုယ့်စိတ်ထဲမှာဆိုလည်း ကိုယ့်အမြင်တခု ရှိမယ်။ ဘယ်သူ့ကြိုက်တယ်၊ ဘယ်သူ့ကို မကြိုက်ဘူး။ ဒါလေးတော့ရှိမှာပဲ။ အမြင်မတူတာတွေကိုလည်း အရမ်းကြီးအပြစ်ပြောလို့မရပါဘူး” လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။

ကိုယ်တိုင်အနေနဲ့လည်း ငယ်ငယ်က မိဘများ ၊ ဆရာ၊ ဆရာမများ သင်ကြားပေးခဲ့တဲ့အတိုင်း ကိုယ်ချစ်ချင်တဲ့သူကို ချစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ့်စိတ်ထဲမှာဆိုရင်လည်း ဘယ်သူ့ကို ချစ်တယ်၊ ဘယ်သူ့ကို အားပေးမယ်။ ဘယ်သူ့ကိုပဲ အားပေးမယ်။ ဒါကတော့ ငယ်ငယ်လေးကတည်းက ကိုယ့်ကိုပတ်ဝန်းကျင်က သင်ကြားပေးလိုက်တဲ့အတိုင်း မိဘတွေက သင်ကြားပေးလိုက်တဲ့အတိုင်း ဆရာ၊ ဆရာမတွေ သင်ကြားပေးလိုက်တဲ့အတိုင်း ကိုယ်ကတော့ ကိုယ်ချစ်ချင်တဲ့သူကို အရမ်းချစ်မှာပဲပေါ့” လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။

ဖြတ်သန်းလာခဲ့တဲ့ အသက် ၃၄ နှစ်အတွင်းမှာတော့ ယခုလက်ရှိအချိန်ဟာ အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရဲ့လက်ရှိအချိန်က ကျေနပ်စရာအကောင်းဆုံးအချိန်လို့ ပြောချင်ပါတယ်။ အကြိုက်ဆုံးအချိန်ပေါ့။ ကျနော်တို့ ဖြတ်သန်းလာတာဆိုရင် ကျနော်ဆို ၃၄ နှစ်ပေါ့။ အဲ့မှာလက်ရှိအချိန်ထက် ကောင်းတဲ့အချိန်တော့ မရှိသေးဘူးပေါ့”လို့ သည်ခေတ်နေက ပြောပါတယ်။

ဒါရိုက်တာ သည်ခေတ်နေကတော့ MRTV-4 မှာ ပြသခဲ့တဲ့ “မနေ့ကဖြစ်သည်” ၊ “ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲများနဲ့ အားပေးလက်ခံမှု ရရှိခဲ့ပြီး လက်ရှိမှာလည်း “ဧဒင် Challenge” ဇာတ်လမ်းတွဲကို ဆက်လက် ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Loading