Myanmar Idol ဝင်ပြိုင်ပြီးနောက် ပရိသတ်ရဲ့ အားပေးမှု၊ အသိအမှတ်ပြုမှု များစွာ ရရှိလာခဲ့တဲ့ မူးလာကတော့ ပရိသတ် မသိခင် မူးလာနဲ့ အခု မူးလာက အများကြီး ကွာသွားပြီလို့ ဆိုပါတယ်။
“အရင်နဲ့ အခုက အများကြီး ကွာတာပေါ့။ အရင်တုန်းက မူးလာက ယဉ်ကျေးတဲ့သူမှ မဟုတ်တာ။ အခုထက်ထိပါပဲ။ ကျနော်တို့လည်း လူသားပဲလေနော်။ ဒါပေမဲ့ ကိုယ်လုပ်နေတဲ့ အနုပညာ ကိုယ့်အနားမှာ ရှိနေတဲ့သူတွေ၊ ချစ်ခင်နေတဲ့သူတွေရဲ့ မျက်နှာကို ကြည့်ပြီးတော့ အနုပညာရှင် တယောက်အနေနဲ့ အားပေးနေတဲ့သူတွေကို မျက်နှာမငယ်ရအောင်လို့ အတတ်နိုင်ဆုံး နေရတယ်”
“တကယ့်တကယ် အပြင်က မူးလာဆိုရင်တော့ ယဉ်ကျေးတဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မရိုင်းစိုင်းပါဘူး။ ပျော်ပျော်နေတယ်၊ အေးဆေးပဲ” လို့ မူးလာက ပြောပါတယ်။
ဆက်လက်ပြီး “တေးသံရှင် မူးလာဆိုတဲ့ နာမည်နဲ့ကျတော့ အများကြီး ထိန်းသိမ်းရတယ်။ အပြင်က စောခရစ်မူးလာ ကျတော့ တမျိုးပေါ့။ ဒါတော့ ထိန်းသိမ်းရတဲ့ အနေအထားအရတော့ အများကြီးပြောင်းလဲသွားတာပေါ့” လို့ ပြောပါတယ်။
ဝေဖန်တိုက်ခိုက်တယ်ဆိုတဲ့ နေရာမှာတော့ ဝေဖန်တာဟာ ကောင်းတဲ့အရာဖြစ်ပြီး တိုက်ခိုက်တာဟာ မကောင်းတဲ့အတွက် ပြောစရာ မရှိဘူးလို့ ဆိုပါတယ်။
“ဝေဖန် တိုက်ခိုက်တာမှာ ဝေဖန်တာက ကောင်းတယ်။ တိုက်ခိုက်တာက မကောင်းဘူး။ ဝေဖန်တိုက်ခိုက်တာမှာ ဖြေရခက်တယ်။ ဝေဖန်မှုဆိုရင်တော့ လက်ခံတယ်။ လက်မခံချင်လည်း လက်ခံရမှာပဲ။ ကိုယ်လည်း ဝေဖန်တာပဲ။ ဝေဖန်တယ်၊ သင်ယူတယ်။ ဘာလို့ သင်ယူရလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ သင်ယူရတယ်။ ဝေဖန်မှုကို လက်ခံနိုင်ဖို့ လိုတယ်။ ဒါပေမဲ့ တိုက်ခိုက်မှုဆိုတာ ဖြစ်သွားမယ်ဆိုရင် ကောင်းမှ မကောင်းတာနော်။ မကောင်းတဲ့ အရာအတွက်တော့ ပြောစရာ မရှိပါဘူး” လို့ မူးလာက ပြောပါတယ်။
ဆဲဆိုတိုက်ခိုက်ကြတာတွေကိုတော့ မူးလာအနေနဲ့ ငြိမ်နေရပြီး ချစ်တဲ့သူတွေအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့ နေဖြစ်တယ်လို့ ဆိုပါတယ်။
“ဆဲဆိုတိုက်ခိုက်ကြတော့လည်း တေးသံရှင် မူးလာအနေနဲ့ကတော့ ငြိမ်နေတာပေါ့နော်။ စောခရစ်မူးလာအနေနဲ့ကတော့ စိတ်ထဲ မချိတင်ကဲတွေ ဖြစ်တာပေါ့။ ဒါကတော့ လူ့သဘာဝပေါ့။ သိပ်တော့ မကောင်းဘူးပေါ့။ ပြင်တယ်၊ ဆင်တယ်”
“အဓိကကတော့ ကျနော့် ခေါင်းထဲမှာတော့ ကျနော့်ကို အားပေးနေတဲ့ ချစ်ရတဲ့ မူလီတွေရော၊ ဦးဦးဒေါ်ဒေါ်တွေရော၊ အစ်ကို အစ်မတွေရော သူတို့ သိတယ်။ ခင်တယ်။ ချစ်တဲ့မူးလာကို ချစ်ခင်ပေးတဲ့ အပေါ်မှာ တန်ဖိုးထားတဲ့အနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ အများကြီး နေဖြစ်ရတာပေါ့” လို့ မူးလာက ပြောပါတယ်။
သြဂုတ်လ ၁၀ ရက်နေ့ကတော့ သူ့ရဲ့ပထမဆုံး Single Song ဖြစ်တဲ့ “ပတ်ဝန်းကျင်” ဆိုတဲ့ သီချင်းကိုထွက်ရှိခဲ့ပြီး သီချင်းထွက်တဲ့အနေနဲ့လည်း ပရိသတ်တွေအတွက် လက်ဆောင်များကို စီစဉ်ထားတယ်လို့ သိရပါတယ်။
“Surprise Plan လေး ၃ ခု ရှိပါတယ်။ အဲဒါကတော့ ကိုဗစ်ကာလ မတိုင်ခင်မှာ ဆိုခဲ့တဲ့ ပွဲတွေမှာ ဝတ်ခဲ့တဲ့အင်္ကျီတွေကို အမှတ်တရအနေနဲ့ ပြန်ရိုက်ပြီးတော့ ဓာတ်ပုံ အယ်လ်ဘမ်အနေနဲ့ တခု ထုတ်ထားပါတယ်။ နောက်ထပ် တခုအနေနဲ့ကတော့ အင်္ကျီပေါ့။ Fan Set ကို ဒီဇိုင်းအသစ်တမျိုးနဲ့ လုပ်ထားတယ်”
“နောက်တခုကတော့ ပတ်ဝန်းကျင်သီချင်းကို စီဒီ ဘမ်းပြီးတော့ အခွေထုတ်တာ မဟုတ်ဘဲ စီဒီဘမ်းပြီးတော့ အမှတ်တရလက်ဆောင် လုပ်ပေးမယ်ပေါ့။ ဘယ်သူတွေအတွက် ရည်ရွယ်လဲဆိုရင် ကျနော့်ကိုအားပေးနေတဲ့သူတွေ၊ နယ်ဝေးရောက်နေပြီးတော့ ကျနော့်ကို တွေ့ဖို့ရာ ခက်ခဲတဲ့သူတွေကို အားလည်းနာတယ်။ သူတို့ကို ပေးချင်တယ်။ နောက်ပြီး အမာခံပရိသတ်တွေအတွက်လည်း ရည်ရွယ်ပါတယ်”လို့ မူးလာက ပြောပါတယ်။
တေးသံရှင် မူးလာကတော့ Myanmar Idol Season 4 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ် အားပေးချစ်ခင်များစွာ ရရှိလာခဲ့သူ တယောက် ဖြစ်ပါတယ်။
You may also like these stories:
“ဆိုးပေ” ဇာတ်လမ်းတွဲမှာ မယ်မြ နေရာက ပါဝင်မယ့် ပိုင်ဖြိုးသု
အကျိုးပြုသီချင်းတွေ ဆိုရတာ ကြိုက်တဲ့ မူးလာ