ဒေါ်ဝေဝေခိုင် (ခေါ်) မိုးစက်ဝိုင် အပါ ၂ ဦးကို ယနေ့ သြဂုတ်လ ၁၁ရက်နေ့က သူ့ရဲ့ကုမ္ပဏီမှ ဝန်ထမ်းဖြစ်တဲ့ ဒေါ်မေဟန်နီထွန်းမှ ဗဟန်းမြို့နယ် တရားရုံးတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၂ အရ ဦးတိုက် လျှောက်ထားခဲ့တယ်လို့ ဗဟန်းမြို့နယ် တရားရုံး ပြန်ကြားရေးထံမှ သိရပါတယ်။
“ဒီအမှုကတော့ အမှုအမှတ် ရာဇဝတ်ကြီးအမှတ် ၁၀၅၉/ ၂၀၂၀ တရားလိုကတော့ ဒေါ်မေဟန်နီထွန်း၊ စွပ်စွဲခံရသူကတော့ ဒေါ်ဝေဝေခိုင် ခေါ် မိုးစက်ဝိုင်နဲ့ နောက်တယောက်က ဒေါ်မျိုးမြတ်သန္တာ သူတို့ ၂ ယောက်ကို ဒေါ်မေဟန်နီထွန်းက သူတို့ကြောင့် ဂုဏ်သိက္ခာတွေ ကျပါတယ်။ နစ်နာရပါတယ် ဆိုပြီးတော့ ဦးတိုက် လျှောက်ထားတဲ့အမှု ဖြစ်တယ်” လို့ ဗဟန်းမြို့နယ် တရားရုံး ပြန်ကြားရေးအရာရှိ ဦးစောထွန်းအေးက မီဒီယာများကို ဖြေကြားခဲ့ပါတယ်။
ဒီအမှုကိုတော့ ရဲစခန်းမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၂ အရ စုံစမ်းစစ်ဆေးရန်အတွက် အစီရင်ခံစာ တင်ထားတယ်လို့ သိရပါတယ်။
“ဦးတိုက် လျှောက်ထားတာနဲ့ ပတ်သက်ပြီး အမှုစစ်တရားသူကြီးကတော့ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်အေးသူဇာနွယ် သူကနေပြီးတော့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၂ အရ စစ်ဆေးတယ်။ ရဲစခန်းကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၂ ပုဒ်မခွဲ ၁ အရ စုံစမ်းစစ်ဆေးဖို့တော့ အစီရင်ခံစာ တင်ပြခိုင်းထားတယ်။ အစီရင်ခံစာ ပြန်တင်ခိုင်းတဲ့နေ့ကတော့ ၂၅ ရက်၊ ၈ လ၊၂၀၂၀ ပါ” လို့ ဦးစောထွန်းအေးက ပြောပါတယ်။
အဆိုပါ ဦးတိုက်လျှောက်ထားမှုကိုတော့ အသရေဖျက်မှု မြောက်၊ မမြောက်အား အမှုစစ် တရားသူကြီးမှ ဆုံးဖြတ်ရမှာဖြစ်ပြီး လက်ရှိမှာတော့ ရဲစခန်းကို စုံစမ်းစစ်ဆေးရန်အတွက် အစီရင်ခံစာ တင်ထားတယ်လို့ သိရပါတယ်။
“လောလောဆယ်တော့ ကျနော်က ၁ မှုပဲ သိရသေးတယ်။ အသရေဖျက်မှု မြောက်၊ မမြောက်ကတော့ Action မှ မယူရသေးတာ။ ဗဟန်းမြို့မ ရဲစခန်းကနေ ကျင့် ၂၀၂ အစီရင်ခံစာ ပြန်တက်လာမယ်။ အမှုစစ်တရားသူကြီးက Action ယူပြီးမှ အသရေဖျက်မှု မြောက်၊ မမြောက် ဆုံးဖြတ်မယ်။ လောလောဆယ်ကတော့ ဒေါ်မေဟန်နီထွန်းက ဒေါ်ဝေဝေခိုင်ပါ ၂ ဦးကို ဦးတိုက် လျှောက်ထားလို့ ရဲစခန်းကို စုံစမ်းစစ်ဆေးဖို့အတွက် အစီရင်ခံစာ တင်ထားတာပဲ ရှိပါတယ်” လို့ ဦးစောထွန်းအေးက ပြောပါတယ်။
ဆက်လက်ပြီး “ရဲကနေ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ တင်ပြီးရင် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ အရ Action ယူလိုက်မှ သူတို့ကိုခေါ်မှာ Action မယူရင်တော့ ခေါ်စရာ အကြောင်း မရှိဘူး” လို့ ပြောပါတယ်။
ဒီကနေ့ သြဂုတ်လ ၁၁ရက်နေ့မှာတော့ ဗဟန်းမြို့နယ် တရားရုံးတွင် တရားလိုဖြစ်သူ ဒေါ်မေဟန်နီထွန်းက လာရောက်ခဲ့ပြီး မီဒီယာများရဲ့မေးမြန်းမှုကို ဖြေဆိုခဲ့ခြင်း မရှိဘဲ အလှမယ် မိုးစက်ဝိုင်အနေနဲ့လည်း စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တဲ့အတွက် လာရောက်ရန် မလိုသေးကြောင်း သိရပါတယ်။
You may also like these stories:
Miss Universe Myanmar ရဲ့ National Costume အကြောင်းပြောပြတဲ့ ဒီဇိုင်နာ ပြည့်စုံ (ဘားအံ)
“အခုချိန်မှာ အနုပညာအလုပ်တွေကိုပဲ အားစိုက်နေတယ်” လို့ ခင်ဝင့်ဝါ ပြော