နပန်းသမားကနေ ရုပ်ရှင်မင်းသားဖြစ်လာခဲ့တဲ့ Dwayne Johnson ဟာ Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဝင်ငွေအများဆုံး မင်းသားစာရင်းမှာ ထိပ်ဆုံးကနေ ဒုတိယမြောက်နှစ်အနေနဲ့ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီစာရင်းထဲမှာ The Rock လို့ သိကြတဲ့ မင်းသား Johnson ဟာပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ကနေ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့အထိ ကာလအတွင်း ဒေါ်လာ ၈၇ ဒဿမ ၅ သန်းရရှိခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ဆိုပါတယ်။
အဲ့ဒီ ဝင်ငွေထဲမှာ သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်တဲ့ “Red Notice” ကြောင့် Netflix ကနေ ရတဲ့ဝင်ငွေ ဒေါ်လာ ၂၃ ဒဿမ ၅ သန်းလည်း ပါဝင်တာကိုတွေ့ရပါတယ်။ ဒါ့အပြင် Under Armour ကုမ္ပဏီလက်အောက်ကနေ ဖြန့်ချိခဲ့တဲ့ “Project Rock” အားကစားဝတ်စုံ Brand ကနေလည်း အမြတ်ငွေတွေ ရရှိခဲ့ပါတယ်။
မင်းသား Johnson နဲ့ “Red Notice” ရုပ်ရှင်မှာ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Ryan Reynolds ကတော့ Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအများဆုံး မင်းသားစာရင်းမှာ ဒုတိယနေရာကနေ ရပ်တည်နေပါတယ်။ မင်းသား Ryan ဟာ အဲ့ဒီရုပ်ရှင်အတွက် ဝင်ငွေ ဒေါ်လာ သန်း ၂၀ ရတဲ့အပြင် Netflix ကနေ ထုတ်လွှင့်ခဲ့တဲ့ Six Underground ရုပ်ရှင်အတွက်လည်း ဒေါ်လာ သန်း ၂၀ ရခဲ့တယ်လို့ ဆိုပါတယ်။
တနှစ်တာ ကာလမှာကတော့ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၇၁ ဒဿမ ၅ သန်းရခဲ့ပြီး ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။ Netflix ရဲ့ အက်ရှင်ဟာသရုပ်ရှင် Spenser Confidential မှာ ပါဝင်ခဲ့တဲ့ မင်းသား၊ ထုတ်လုပ်သူ Mark Wahlberg ကတော့ ဝင်ငွေ ဒေါ်လာ ၅၈ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ နောက်ထပ်စာရင်းထဲမှာ ရှိနေတဲ့ မင်းသားတွေကတော့ Ben Affleck (ဒေါ်လာ ၅၅ သန်း) နဲ့ Vin Diesel (ဒေါ်လာ ၅၄ သန်း) တို့ ဖြစ်ကြပါတယ်။
ထိပ်တန်း ၁၀ ဦး စာရင်းထဲမှာ ပါဝင်တဲ့ တဦးတည်းသော ဘောလိဝုဒ် စတား မင်းသား Akshay Kumar ကတော့ ဝင်ငွေဒေါ်လာ ၄၈ ဒဿမ ၅ သန်းနဲ့ ဆဋ္ဌမ နေရာမှာ ရှိနေပါတယ်။ သူ့ရဲ့ဝင်ငွေအများဆုံးက ထုတ်ကုန်ပစ္စည်း ကြော်ငြာတွေကနေ ရရှိတာလို့ Forbes မဂ္ဂဇင်းက ဆိုပါတယ်။
စာရင်းထဲ ပါဝင်တဲ့ တခြား မင်းသားတွေထဲမှာ Lin-Manuel Miranda ၊ မင်းသား Will Smith ၊ မင်းသား Adam Sandler နဲ့ တရုတ်မင်းသား ဂျက်ကီချန်းတို့ ပါဝင်ကြပါတယ်။ အဲ့ဒီစာရင်းတွေဟာ အခွန် မပါဝင်ဘဲ ထည့်တွက်ထားတာဖြစ်ပြီး အေးဂျင့်၊ မန်နေဂျာတွေနဲ့ ရှေ့နေတွေဆီ ပေးရမယ့် အဖိုးအခတွေကိုလည်း လျှော့မတွက်ရသေးပါဘူး။
Ref: asiaone
You may also like these stories:
လျှပ်စစ်စက်ဘီး မတော်တဆမှုကြောင့် ခွဲစိတ်မှုခံခဲ့ရတဲ့ Simon Cowell
COVID-19 ကူးစက်ခံခဲ့ရတဲ့ စပိန်မင်းသား Antonio Banderas
အသက် ၆၅ နှစ်နှင့်အထက် ဘောလိဝုဒ် သရုပ်ဆောင်များ ရုပ်ရှင်ရိုက်ကူးခွင့် ပြန်ရရှိ