တောင်ကိုရီးယား အဆိုတော်၊ မင်းသား ပတ်ဘိုဂွန်းဟာ “All My Love” ဆိုတဲ့ သီချင်းကို စစ်မှု မထမ်းခင် ပရိသတ်တွေကို နှစ်သိမ့်တဲ့အနေနဲ့ ဖြန့်ချိခဲ့ပါတယ်။ Music Video ပါ တပါတည်း ထွက်ရှိလာခဲ့တဲ့မင်းသား ပတ်ရဲ့ ဒုတိယမြောက် Single သီချင်းမှာတော့ အင်္ဂလိပ်နဲ့ ကိုရီးယား ဗားရှင်းနှစ်မျိုး နားဆင်နိုင်မှာဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့ကနေစလို့ ကမ္ဘာတဝန်းမှာရှိတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေမှာ ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။
အင်္ဂလိပ်ဗားရှင်းအတွက် Music Video ကိုတော့ YouTube မှာ Pony Canyon ကနေတဆင့် ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။ “All My Love” သီချင်းဟာ နားဆင်သူတွေအတွက် စိတ်ပြေငြိမ်းချမ်းမှုတွေ ဆောင်ယူလာမယ့် သတင်းစကားတွေနဲ့အတူ ပရိသတ်တွေကို အထူးနှစ်သိမ့်ပေးမယ့် အလွမ်းအဆွေး သီချင်းတပုဒ် ဖြစ်ပါတယ်။ အဆိုတော်၊ သီချင်းရေးဆရာ Sam Kim နဲ့အတူ အဲ့ဒီသီချင်းကို မင်းသားပတ်က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
မင်းသားရဲ့ အေဂျင်စီ Blossom အင်တာတိန်းမန့်ရဲ့ အဆိုအရ အဲ့ဒီ Single သီချင်းဟာ အနုပညာလောကထဲကို မင်းသား ပတ် ရောက်ရှိခဲ့တဲ့ အမှတ်တရ နှစ်ပတ်လည်အတွက် ဂုဏ်ပြုဖို့ ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မင်းသားရဲ့ အဲ့ဒီ Single သီချင်းတွေကို ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာလည်း သြဂုတ်လ ၁၂ ရက်နေ့ကစလို့ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။
Korea Power Celebrity အဖြစ် သတ်မှတ်ခံခဲ့ရဖူးတဲ့ အသက် ၂၇ နှစ်အရွယ် မင်းသား ပတ်ဘိုဂွန်းဟာ “Reply 1988” ၊ “Love in the Moonlight” ဒရာမာ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာလည်း မင်းသမီး ဆောင်းဟေဂိုနဲ့အတူ “Encounter” ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။
မင်းသား ပတ်ဟာ ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွင် ကိုယ်စားလှယ် မင်းသားဖြစ်ခဲ့သလို Coca-Cola ကုမ္ပဏီရဲ့ ကြော်ငြာ မော်ဒယ်လည်း ဖြစ်ပါတယ်။ မင်းသား ပတ်ဟာ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ ကိုရီးယားရေတပ်မှာ စစ်မှုထမ်းမယ်လို့ မျှော်လင့်ရပါတယ်။
Ref: thejakartapost
You may also like these stories:
Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအများဆုံး မင်းသားစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ The Rock
လျှပ်စစ်စက်ဘီး မတော်တဆမှုကြောင့် ခွဲစိတ်မှုခံခဲ့ရတဲ့ Simon Cowell
COVID-19 ကူးစက်ခံခဲ့ရတဲ့ စပိန်မင်းသား Antonio Banderas