နာမည်ကျော် ဘောလိဝုဒ် မင်းသား Sanjay Dutt ဟာ အဆုတ်ကင်ဆာရောဂါကို ခံစားနေရတယ်လို့ သြဂုတ်လ ၁၂ ရက်နေ့တုန်းက အိန္ဒိယမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
“Deadly Dutt” လို့ နာမည်ပြောင် ခေါ်ဆိုကြတဲ့ ဟင်ဒီမင်းသား Sanjay ဟာ ၁၉၉၃ ခုနှစ်တုန်းက မွမ်ဘိုင်းမြို့ ဗုံးခွဲမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုတဲ့ ဂိုဏ်းအဖွဲ့တွေက ထောက်ပံ့ပေးထားတဲ့ လက်နက်တွေ ပိုင်ဆိုင်မှုနဲ့ ထောင်ကျခဲ့ဖူးပြီး ဆေးစွဲခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့တုန်းကတော့ ဆေးကုသမှုခံယူဖို့ ခေတ္တအနားယူမယ်လို့ မင်းသား Sanjay က ဆိုရှယ်မီဒီယာကနေ ကြေညာခဲ့ပါတယ်။ ရုပ်ရှင်လုပ်ငန်း ဂျာနယ်လစ် Komal Nahta ရဲ့ Twitter ပို့စ်ကို ကိုးကားထားတဲ့ မီဒီယာ သတင်းထုတ်ပြန်ချက်တွေအရ အသက် ၆၁ နှစ်အရွယ် မင်းသားဟာ အဆုတ်ကင်ဆာ ရောဂါကို ခံစားနေရပြီး ဆေးကုသမှု ခံယူဖို့ အမေရိကန်နိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။
မင်းသား Sanjay ဟာ နာမည်ပြောင်ရစေခဲ့တဲ့အထိ စတန့်ပြကွက်တွေကို ကိုယ်တိုင် သရုပ်ဆောင်ခဲ့တဲ့ အက်ရှင် ဇာတ်ကားတွေနဲ့ ၁၉၈၀ ပြည့်လွန် နှစ်လယ်ပိုင်းတွေမှာ တော်တော်လေး နာမည်ရခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ ဝေဒနာကို ဖြေဖျောက်ဖို့ ရည်ရွယ်ခဲ့တဲ့ ဘိန်းဖြူနဲ့ ကိုကင်းသုံးစွဲခဲ့မှုတွေကိုလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့မိခင်ကလည်း မင်းသမီးကြီး Nargis Dutt ဖြစ်ပြီး ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့သူ ဖြစ်ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ် နှောင်းပိုင်းနဲ့ ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းတွေမှာတော့ သူဟာ အနုပညာလောကထဲ တကျော့ပြန် ဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘုံဘေလို့ ခေါ်ကြတဲ့ မွမ်ဘိုင်းမြို့မှာ လူပေါင်း ၂၅၇ ဦးကို သေဆုံးစေခဲ့တဲ့ ၁၉၉၃ ခုနှစ်၊ မတ်လက ဗုံးခွဲတိုက်ခိုက်ခံရမှုတွေ နောက်ပိုင်းမှာ သူဟာ အဖမ်းခံခဲ့ရပါတယ်။
မင်းသားဟာ ဖောက်ခွဲမှုတွေကို လုပ်ဆောင်ခဲ့တဲ့ မာဖီးယား ဂိုဏ်းခေါင်းဆောင်တွေ ထောက်ပံ့ထားတဲ့ လက်နက်တွေကို ကိုင်ဆောင်ခဲ့တယ်လို့ ၂၀၀၆ ခုနှစ်မှာ ဝန်ခံခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ရှေးဟောင်း ဗလီတခုကို ဖြိုချခဲ့ပြီးတဲ့နောက် မူဆလင်ပေါင်းများစွာကို သေဆုံးစေခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ မူဆလင် မြေအောက်အဖွဲ့အစည်းတွေက အဲ့ဒီတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ မင်းသားဟာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပေမယ့် ထောင်ထဲမှာ ၁၈ လနေခဲ့ရပြီးတဲ့နောက် ၂၀၀၇ ခုနှစ်မှာ အာမခံနဲ့ ပြန်လွတ်လာခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ သူ့ရဲ့ ထောင်ဒဏ်ကို ၅ နှစ်အထိ လျှော့ချသတ်မှတ်ခဲ့ပြီး ထောင်ဒဏ်ကို တဖန်ပြန်ပို့ခဲ့ကြပါတယ်။ အဲ့ဒီနောက် ၂၀၁၆ ခုနှစ်အစောပိုင်းမှာ ထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။ မင်းသားဟာ အိမ်ထောင် ၃ ဆက် ကျခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးဇနီး Richa ဟာ ဦးနှောက် အကျိတ်ဝေဒနာကို ၁၉၈၇ ခုနှစ်မှာ ခံစားခဲ့ရပြီး ၁၉၉၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
မင်းသားရဲ့ ၁၉၈၁ ခုနှစ်မှာ အချစ်ဒရာမာ ရုပ်ရှင် “Rocky” နဲ့ ဘောလိဝုဒ်လောကထဲ ရောက်လာခဲ့ချိန်ကစလို့ ၂၀၁၆ ခုနှစ် ထောင်ကနေ လွတ်လာခဲ့တဲ့အချိန်အထိ ကာလကို ပုံဖော်ထားတဲ့ “Sanju” ရုပ်ရှင်ကို ရိုက်ကူးခဲ့ကြပါတယ်။ အခုလ နှောင်းပိုင်းမှာတော့ Disney+ Hotstar ကနေ သူ့ရဲ့ ရုပ်ရှင်အသစ် “Road 2” ကို ထုတ်လွှင့်ဖို့ ရှိပါတယ်။
Ref: CNA
You may also like these stories:
BTS သီချင်းနဲ့ ကခုန်မိလို့ မြောက်ကိုရီးယား စစ်သား ၃ ဦး အဖမ်းခံရ
စစ်မှု မထမ်းခင် သီချင်းအသစ်ဖြန့်ချိခဲ့တဲ့ မင်းသား ပတ်ဘိုဂွန်း
Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအများဆုံး မင်းသားစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ The Rock