အနုပညာရှင်တွေ မဲဆွယ်ဖို့ စည်းရုံးကြတဲ့အပေါ် အနုပညာရှင်တွေ ကိုယ်ပိုင် ခံယူချက်နဲ့ ကိုယ်ပိုင် ရွေးချယ်ခွင့်တွေ ရှိတယ်လို့ သရုပ်ဆောင် ညီနန္ဒက ပြောပါတယ်။
“ကျနော်တို့ အနုပညာရှင်တွေ မဲဆွယ်ဖို့ စည်းရုံးကြတာတွေ ရှိတယ်။ အနုပညာရှင်တွေမှာလည်း ကိုယ်ပိုင် ခံယူချက်၊ ကိုယ်ပိုင် ရွေးချယ်ခွင့်တွေ ရှိကြတာပဲ။ အဲ့အပေါ်မှာ ကိုယ့်ရပ်တည်မှုနဲ့ကိုယ် သွားကြတာပဲ။ အဲ့ပေါ်မှာလည်း လိုက်မခံစားဘူး။ ကိုယ့်ရပ်တည်မှုနဲ့ကိုယ် မှန်ဖို့ပဲ လိုတယ်။ ကျနော် နိုင်ငံရေးလည်း နားမလည်ပါဘူး”လို့ ညီနန္ဒက ပြောပါတယ်။
ကိုဗစ်ကာလအတွင်း ရိုက်ကူးရေးများ ရပ်နားထားရပြီး မကြာခင် ရိုက်ကူးရေးတွေ ပြန်စရင်တော့ ဝမ်းသာတယ်လို့ ဆိုပါတယ်။
“အခုလို ရုပ်ရှင်တွေ ပြန်ရိုက်ရတော့မှာဆိုတော့ အရမ်းဝမ်းသာတာပေါ့။ ယုန်လေး Music Video ကိစ္စဆိုလည်း ဖြစ်သွားတာက ၃ လလောက် နားပြီးမှ ရိုက်ရတော့မယ်ဆိုတော့ ပျော်ပြီးတော့ ဘာမှမမေးဘဲ ရိုက်တာပေါ့။ ဘယ်သူမှ အပြစ်မရှိဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ် ရှိတယ်။ နောက်ပိုင်းတော့ သေချာ စိစစ်ပြီးတော့ ဆင်ခြင်သွားပြီး လက်ခံရိုက်ကူးသွားမှာပါ”လို့ ညီနန္ဒက ပြောပါတယ်။
ရိုက်ကူးရေးတွေ နားထားရတဲ့အတွက် ရုပ်ရှင်လောကသားတွေ အလုပ်လက်မဲ့ဖြစ်ကာ ဒုက္ခရောက်သူတွေလည်း ရှိကြပြီး ညီနန္ဒကတော့ ရိုက်ကူးရေးတွေ ပြန်စရင် ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်မယ်လို့ ဆိုပါတယ်။
“ရိုက်ကူးခွင့် ပြန်ရတာတော့ အရမ်းဝမ်းသာတယ်။ အခု ကျနော်တို့ လောကသား တော်တော်များများက ဇာတ်ကားတွေ မရိုက်ရတော့ အကုန်လုံး ဒုက္ခတွေ ရောက်နေကြပြီ။ အလုပ်လုပ်တွေ ပြန်လုပ်ရတော့မှာဆိုတော့ ဝမ်းသာတယ်။ ကိုဗစ် မတိုင်ခင်က ကျနော်က ဇာတ်လမ်းတွဲတွေ “သမီးဆိုး” ဆိုတဲ့ ဇာတ်လမ်းတွဲကို မယ်မင်းဘုံနဲ့ ရိုက်နေတယ်”
“အခုပြန်ရိုက်ရတော့မှာဆိုတော့ အဲ့ဒါလေး အရင်ရိုက်ဖြစ်မယ် ထင်တယ်။ နောက်ထက်လည်း ဇာတ်လမ်းတွဲ ၄ ခုလောက် ရိုက်ဖို့ရှိတယ်။ ရိုက်ကူခွင့်တော့ တင်နေကြပြီ။ ဘယ်ဟာ ရိုက်မယ်တော့ မပြောကြသေးဘူး”လို့ ညီနန္ဒက ပြောပါတယ်။
ကိုဗစ်ကာလမှာ ထောပတ်ထမင်း ရောင်းတဲ့အလုပ်ကို လုပ်ကိုင်ခဲ့တဲ့ ညီနန္ဒက သရုပ်ဆောင်အလုပ်နဲ့ စီးပွားရေးကို ဟန်ချက်ညီအောင် အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။
“ကျနော် သရုပ်ဆောင်လုပ်တာနဲ့ စီးပွားရေး နှစ်ခုလုံး လက်မလွတ်အောင် အကောင်းဆုံး လုပ်မှာပါ။ ကျနော် သရုပ်ဆောင် လုပ်ရင်လည်း အိမ်က မိသားစုတွေက ထောပတ်ထမင်းကို ကျနော် မပါဘဲ လုပ်နိုင်နေပြီ။ အနုပညာလုပ်ရရင် အနုပညာ လုပ်မယ်။ အားရင် ထောပတ်ထမင်းဘက်ကို ကူမယ်”
“အနုပညာ အရည်အသွေးလည်း ကျမသွားအောင် ထောပတ်ထမင်းလည်း အရသာ၊ သန့်ရှင်းမှု၊ ကွာလတီ မကျအောင် ဟန်ချက်ညီအောင် အကောင်းဆုံး ကြိုးစားအား ထုတ်သွားမယ်”လို့ ညီနန္ဒက ပြောပါတယ်။
You may also like these stories:
၂၀၂၀ NLD အောင်နိုင်ရေးသီချင်းကို အနုပညာရှင်များစွာ ပါဝင်သီဆိုမည်
“နိုင်ငံရေး အမြင်မတူတာကို အပြစ်ပြောလို့ မရပါဘူး”လို့ သည်ခေတ်နေ ပြော
BTS သီချင်းနဲ့ ကခုန်မိလို့ မြောက်ကိုရီးယား စစ်သား ၃ ဦး အဖမ်းခံရ