Entertainment

"ငြိမ်းချမ်းကြပါစေ" သီချင်းကို Music Video ရိုက်ခွင့်မပေးဘူး

အားလုံးငြိမ်းချမ်းစေရန် ၊ ညီညွှတ်စေရန် ၊ တန်းတူညီညွှတ်စေရန် ရည်ရွယ်ပြီး ဖန်တီးထားခဲ့တဲ့ “ငြိမ်းချမ်းကြပါစေ” သီချင်းကို Music Video ရိုက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ တေးရေး တေးဆို တိုးလွင် (ဥတ္တရအလင်း) က ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင် ဒေါင်းဝေက အဆိုပါ သီချင်းကို ပြန်လည် သီဆိုခဲ့ပြီးနောက် မကြာခင်မှာ Music Video ရိုက်ကူးရန်အတွက် စီစဉ်နေပြီး ဖန်တီးသူကို ခွင့်ပြုချက် မတောင်းထားဘူးလို့လည်း သိရပါတယ်။

“တဖက်နဲ့ တဖက် နစ်နာစေမှာတော့ ကျနော်က မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ကလည်းကြီးသူ ဖြစ်တယ်လေ။ အခုလို ဖြစ်မယ့်အထိ မရည်ရွယ်ပါဘူး။ မနက်အထိ အစောကြီး သူ့ကို Chat Box ကနေ ဒီသီချင်းနဲ့ ပတ်သက်လို့ မေးမြန်းချင်ရင် ဖုန်းဆက်ပါလို့ ဖုန်းနံပါတ် ပေးတယ်။ ဒါပေမဲ့ သူက အလ္လာပသလ္လာပနဲ့ ဦးတိုး နေကောင်းလားနဲ့ပဲ ပြီးသွားတယ်။ အဲဒါနဲ့နောက် ၁ နာရီ ၂ နာရီ စောင့်ကြည့်ပြီးတော့ ဒီပို့စ်ကို တင်လိုက်တာ”လို့ တိုးလွင် (ဥတ္တရအလင်း) က ဧရာဝတီကို ပြောပါတယ်။

“ဆိုတာတော့ မခံစားရပါဘူး။ ဆိုပါ။ အဲ့တုန်းကလည်း သူက အိမ်ကိုရောက်လာပြီးတော့ ဒီသီချင်းလေး ဆိုချင်ပါတယ်ဆိုပြီး တောင်းတောင်းပန်ပန်နဲ့ ကျနော် ကန်တော့ပါ့မယ်ဆိုပြီး အဲ့သီချင်းကို ဆိုမယ်ဆိုရင်တော့ဆို ကျန်တာတော့ မပါဘူးဆိုပြီး နှုတ်ကတိနဲ့ပဲ ပေးလိုက်တယ်။ ဆိုတာလည်း ၃ ၊ ၄ နှစ်တော့ ရှိပြီ ခန့်မှန်းချေပေါ့” လို့ တိုးလွင် (ဥတ္တရအလင်း)က ပြောပါတယ်။

ဆက်လက်ပြီး “အခုကျတော့ သူက Music Video တွေ ရိုက်မယ်ဆိုတော့ အခု ကာလကလည်းမြင်တဲ့အတိုင်းပဲ ရှုပ်ထွေးတဲ့ကာလဆိုတော့ ဘယ်တော့မှလည်း အဲ့လိုမျိုးကို ခွင့်ပြုသွားမှာ မဟုတ်ဘူး။ ဘာတွေပဲရရ ဘာတွေပဲပေးပေး မလိုချင်ဘူး။ ဒီကာလကြီးမှာ အင်မတန် အရေးကြီးတဲ့ကာလ အရှေ့မှာလည်း ပြဿနာကြီးတွေလည်း အများကြီးရှိထားတော့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

“ငြိမ်းချမ်းကြပါစေ” သီချင်းကိုတော့ ဆိုထားတာ နှစ်အနည်းငယ်ရှိပြီး ဒေါင်းဝေအနေနဲ့ သူ့ရဲ့အခွေမှာ ထည့်ဆိုပါရစေဆို၍ ပြောခဲ့ပြီး ကိုယ်တိုင်အနေနဲ့ ဘာအရောင်မှမပါဘဲ ဖန်တီးခဲ့တာလို့ သိရပါတယ်။

“ဒီသီချင်းကလည်း ကြာပြီ။ အဲ့တုန်းကလည်း သူ့အခွေထဲမှာ ထည့်ဆိုပါရစေဆိုပြီး ပြောခဲ့တာ။ အခုမှ Music Video ရိုက်မယ်ဆိုပြီး ဖြစ်လာတာ။ အရှေ့မှာလည်း နမူနာတွေရှိတော့ ကျနော်ကရေးထားတာ ဘာမှအရောင်မပါဘူး။ အားလုံးငြိမ်းချမ်းဖို့ ညီညွှတ်ဖို့ တန်းတူ ညီညွှတ်ဖို့ အတွက်ပဲရေးထားတာ။ သူဆိုခဲ့တုန်းကလည်း မပေါက်ခဲ့ဘူး” လို့ ပြောပါတယ်။

ဒီသီချင်းကို ပြန်လည်သီဆိုခဲ့တဲ့ ဒေါင်းဝေအနေနဲ့ အင်တာဗျူးတခုမှာ Music Video ရိုက်ကူးမယ့်အကြောင်းကို ဖြေဆိုခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်၍လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

“ကိုယ်တန်ဖိုးထားတဲ့အရာကို ရက်ရက်စက်စက် ကိုယ့်ရှေ့မှာနင်းချေလိုက်သလိုပေါ့။ အဲဒါနဲ့တောင်ပြောလို့မရဘူး။ ကိုယ်ကလည်း ကိုယ့်ရင်ထဲကို လာတဲ့အရာ ဘာအရောင်မှ မပါဘူး။ ဘာမျှော်လင့်ချက်မှလည်း မပါဘူး။ အားလုံး ညီညွှတ်စေတဲ့ စေတနာနဲ့ စာသားတွေကလည်း ဘယ်သူ့ကိုမှ ဖားထားတာမပါဘူး။ ရိုးရိုးသားသားလေးပဲ ရေးထားတာ။ ဒါကို ဒီလိုလုပ်တဲ့အတွက် ဘယ်စိတ်ကောင်းမလဲ။ တဖက်နဲ့ တဖက်လည်း မနစ်နာစေချင်ဘူး” လို့ တိုးလွင် (ဥတ္တရအလင်း)က ပြောပါတယ်။

အင်တာဗျူးဖြေဆိုရာမှာတော့ တေးရေးဆရာနာမည်ကိုလည်း မှားယွင်းပြောဆိုထားပြီး သီချင်းစာသားများလည်း မှားယွင်းသီဆိုခဲ့တယ်လို့ ဆိုပါတယ်။

သေချာနားမထောင်တာပါ။ မမေးဘူး။ ခေါင်းစဉ်လည်း မှားတယ်။ တေးရေးဆရာလည်း ပြောတဲ့ထဲမှာ မှားပြောတယ်။ အထဲမှာ အချင်းချင်းတွေ ကွဲ့ ရန်မဖြစ်ကြနဲ့ ဆိုပြီးဆိုထားတာ။ သူကဆိုတော့ အချင်းချင်းတွေပဲ ရန်မဖြစ်ကြနဲ့လို့ ဆိုတော့ ပဲနဲ့ဖွဲ့က အဓိပ္ပါယ် ကွာတယ်လေ” လို့ တိုးလွင် (ဥတ္တရအလင်း)က ပြောပါတယ်။

“ငြိမ်းချမ်းပါစေ” သီချင်းကိုတော့ တိုးလွင် (ဥတ္တရအလင်း)က လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်က ရေးသားသီဆိုခဲ့တာဖြစ်ပြီး မကြာခင်မှာတော့ “ဟောဒီဘက်က ပူပူနွေးနွေး နိုင်ငံတော်နဲ့ အခြားစကားလုံးများ” ဆိုတဲ့ ကဗျာစာအုပ်အသစ် ထွက်ဖို့ရှိတယ်လို့ သိရပါတယ်။

You may also like these stories:

“ကိုယ့်ရပ်တည်မှုနဲ့ကိုယ် မှန်ကန်ဖို့ပဲ လိုတယ်”လို့ ညီနန္ဒ ပြော

၂၀၂၀ NLD အောင်နိုင်ရေးသီချင်းကို အနုပညာရှင်များစွာ ပါဝင်သီဆိုမည်

သားလေး မင်းရွှေရောင်တင် အကြောင်း ပြောပြတဲ့ တင်မောင်ဆန်းမင်းဝင်း

Loading