သရုပ်ဆောင် ချစ်သုဝေရဲ့ဖခင်ဖြစ်သူ ရေးဆွဲခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကားနဲ့ ပတ်သက်ပြီး ဦးဇော်ဝင်းနဲ့ ချစ်သုဝေတို့အား သာသနာညှိုးနွမ်းစေမှုနဲ့ သင်္ဃန်းကျွန်းတရားရုံးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ့ရက္ခတအဖွဲ့မှ ဦးတိုက်လျှောက်ထားခဲ့ရာ ဇူလိုင်လ ၉ ရက်နေ့က အမှုအား ပလပ်ခံခဲ့ရပါတယ်။
အဲဒီလို ပလပ်ခံရပြီးနောက် ထပ်မံပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ့ရက္ခတအဖွဲ့မှ အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဆက်လက် လျှောက်ထားခဲ့ရာ ဒီကနေ့ သြဂုတ် ၁၄ ရက်နေ့မှာ ထပ်မံ ပလပ်ခံခဲ့ရပါတယ်။
“ဒီနေ့ရုံးချိန်းကတော့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၂၇၁/ ၂၀၂၀ နဲ့ လျှောက်ထားခဲ့တဲ့အမှုကိုတော့ ပလပ်လိုက်ပါတယ်။ ချစ်သုဝေနဲ့ ဖခင် ဦးဇော်ဝင်းတို့ကို ဗုဒ္ဓဘာသာကိုစော်ကားတဲ့ပုံတွေ အင်တာနက် စာမျက်နှာပေါ်မှာ တင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ခဲ့တယ်”
“မြို့နယ်တရားရုံးကလည်း ရဲကို စုံစမ်းစစ်ဆေးပြီးတော့ ဒီလိုမျိုး စစ်ဆေးချက်မှာ ဒီလိုပုံတွေ တင်တာမှန်တယ်ဆိုပြီး ဖော်ပြလိုက်ပေမယ့် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၃၃ အရ အမှုက ခွဲစွဲရမှာကို ပေါင်းစွဲထားတယ်ဆိုပြီး ပယ်လိုက်တာ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ့ရက္ခိတအဖွဲ့မှ ရှေ့နေ ဦးအေးပိုင်က ပြောပါတယ်။
အဆိုပါ စွဲဆိုထားတဲ့ အမှုဟာ သီးခြားခွဲစွဲရမှာကို ပေါင်းစွဲထားတာဖြစ်တာကြောင့် ပယ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ခရိုင်ရုံးကလည်း မြို့နယ်ရုံးအတိုင်းပဲ သီးခြားစီ ပို့စေချင်တာ။ တပေါင်းတည်း စွဲလို့ မရဘူး။ မူလကတည်းက မှားနေတယ်လို့ ပြောပြီးတော့ အမိန့်ချလိုက်တာပေါ့။ ဒါကြောင့်မို့လို့ ဒီအမိန့်ဟာ ကျနော်တို့ဘက်ကလည်း သီးခြားစီ မဟုတ်ဘူး။ သူတို့ ၃ ခါတင်ရင် ၃ ခါ ဗုဒ္ဓဘာသာ သာသနာကို စော်ကားပြီးရေးကြတာ။ ဒါကြောင့် ပုဒ်မ ၂၃၄ ၊ ၂၃၅ အရပေါင်းဆွဲလို့ရပါတယ်လို့ လျှောက်ခဲ့တာ”
“သို့သော် ခရိုင်တရားရုံးက တရားသူကြီးရဲ့အမြင်ပေါ့နော်။ သီးခြားစီစွဲရမှာ ဖြစ်တယ်။ ၂၃၃ နဲ့ ပယ်လိုက်တယ်” လို့ ဦးအေးပိုင်က ပြောပါတယ်။
အခုလို ပလပ်လိုက်တဲ့အပေါ် မကျေနပ်ဘူးဆိုပါက တိုင်းလွှတ်တော်မှာ ပြင်ဆင်မှုရမှာဖြစ်သလို မြို့နယ်တရားရုံးမှာလည်း ၃ ကြိမ်ခွဲပြီး စွဲလို့ရတယ်လို့လည်း ဆိုပါတယ်။
“ဒီအမိန့်ကို မကျေနပ်ဘူးဆိုရင် တိုင်းလွှတ်တော်မှာလည်း ပြင်ဆင်မှုရသလို မြို့နယ်ရုံးမှာပဲ ၃ ကြိမ် ခွဲပြီးတော့ သီးခြားစီ ခွဲပြီးတော့လည်း ပြန်စွဲခွင့် ရှိနေပါတယ်။ အဲ့လိုလုပ်ခဲ့ရင် ဘာဖြစ်မလဲ။ သမီး ချစ်သုဝေတို့ ပိုနစ်နာတာပေါ့။ ၃ ခါ ဖြေရှင်းနေရမှာပေါ့။ ဆက်လက် ဆောင်ရွက်မယ့် ကိစ္စရပ်ကိုတော့ အစည်းအဝေးထိုင်ပြီးတော့ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်” လို့ ဦးအေးပိုင်က ပြောပါတယ်။
သရုပ်ဆောင် ချစ်သုဝေရဲ့ ဖခင်ဖြစ်သူက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ရေးဆွဲခဲ့တဲ့ ပန်းချီကားမှာ ဥဏ္ဏလုံ မွေးရှင်တော် ထည့်သွင်း ရေးဆွဲခဲ့တာဖြစ်ပြီး အဲဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း ချစ်သုဝေက သူကိုယ်တိုင် နားမလည်ခဲ့တာကြောင့် ဖခင်ဖြစ်သူကို အကြံမပေးနိုင်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ အပတ်က လူမှုကွန်ရက် မီဒီယာမှာ ပြန်ရှင်းပြခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
ဖခင်ဖြစ်သူရဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တဲ့ ချစ်သုဝေ
ချစ်သုဝေတို့ သားအဖ အမှုကို ပလပ်တာ “အံ့သြစရာကောင်းတယ်”လို့ ရှေ့နေ ပြော