တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဇီဝဗေဒဘာသာရပ် ဂုဏ်ထူး ၁ ဘာသာနဲ့ နှစ်ချင်းပေါက် အောင်မြင်ခဲ့တဲ့ သားလေးကြောင့် ဝမ်းသာဂုဏ်ယူမိတယ်လို့ ဖခင်ဖြစ်သူ လူရွှင်တော် ဝိုင်းချစ်က ပြောပါတယ်။
“သားလေးက ၁၀ တန်းကို ဂုဏ်ထူးနဲ့အောင်တာ ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ အောင်စာရင်းထွက်တဲ့ နေ့က အိပ်လို့တောင် မပျော်ဘူး။ ကျနော့်တုန်းကဆိုရင် ၈ တန်းလောက်အထိပဲ ကျောင်းတက်ခဲ့တာ။ မိဘတွေကတော့ ကျောင်းဆက်ထားပါတယ်။ ကိုယ်က အနုပညာအလုပ်ကို ဝါသနာအရမ်းပါတယ်။ ဇာတ်ထဲလည်း လိုက်ချင်လွန်းတော့ ၈ တန်းကလည်း ၃ ခါကျတယ်ဆိုတော့ ဇာတ်ထဲပဲ လိုက်သွားတာ”
“ကိုယ့်တုန်းက ပညာရေးကို ဆုံးခန်းမတိုင်ခဲ့ပေမယ့် ကိုယ့်သား အလှည့်ကျမှ ပညာရေးကို ထူးထူးချွန်ချွန်နဲ့ အောင်တာ ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ သားကလည်း ငယ်ငယ်ကတည်းက စာလုပ်လို့လည်း ပြောစရာ မလိုဘူး။ သားတို့ ပညာတတ်မှ လူရာဝင်တာ၊ ပညာတတ်အောင်သင်၊ ဖေဖေတို့ကို ကျေးဇူးပြန်ဆပ်ပါလို့ ပြောဖြစ်တယ်”လို့ ဝိုင်းချစ်က ပြောပါတယ်။
သားဖြစ်သူရဲ့ အောင်မြင်မှုက မိဘကိုလည်း ဂုဏ်တက်စေပြီး အခုချိန်မှာ ပင်ပန်းခဲ့ရတဲ့ အလုပ်တွေ အတွက် အမောပြေရတယ်လို့ ဝိုင်းချစ်က ဆိုပါတယ်။
“သားကို ပြုစုပျိုးထောင်ပေးတယ်။ သူအောင်မြင်မှု ရရှိတဲ့အတွက် သူ့ရဲ့ ဂုဏ်တက်မှုက ကျနော်တို့ကို ဂုဏ်ပိုတက်စေပါတယ်။ သားကိုလည်း ပြောပါတယ်။ သားအောင်မြင်မှုဟာ မိဘကို ကျေးဇူးဆပ်သွားပြီလို့။ ပင်ပန်းလို့ကျတဲ့ ချွေးတွေ၊ လုပ်ခဲ့ရတဲ့ အလုပ်တွေ အကုန်လုံး အခုချိန်မှာ အမောပြေသွားပြီ။ သားလေးပြောတဲ့ စကားကြောင့် ကျနော် အရမ်းပီတိဖြစ်ရလို့ မျက်ရည်တောင် လည်တယ်”
“သားက ပြောတယ်။ ကျနော်တို့ ပညာကောင်းကောင်း သင်ရအောင် သူများအိပ်နေချိန် မအိပ်ဘဲ အလုပ်တွေ လုပ်ပြီး ရှာကျွေးခဲ့တာ အခုလို ဂုဏ်ထူးလေး ရတာနဲ့ ပြန်ကန်တော့တယ် ပြောတော့ ပီတိဖြစ်လိုက်တာ။ သူ့ကို ဖြစ်စေချင်တာတော့ ပညာတတ်ကြီးပဲ ဖြစ်စေချင်တယ်”လို့ ဝိုင်းချစ်က ပြောပါတယ်။
ဆက်လက်ပြီး သားဖြစ်သူရဲ့ အမှတ်ကို ကြည့်ကာ သူတက်ရောက်ရမယ့် တက္ကသိုလ် ရွေးချယ်ဖို့ လိုအပ်တာတွေ ဖြည့်ဆည်းပေးသွားမယ်လို့ ဆိုပါတယ်။
“သူ့အမှတ်ကို ကြည့်ပြီးတော့ တက်ရမယ့် ဘာသာရပ်၊ သင်ရမယ့် ပညာတွေကို ကြည့်ပြီးတော့ ဘာမှ လိုလေသေး မရှိအောင် အနောက်ကနေပြီးတော့ ပံ့ပိုး ဖြည့်ဆည်းပေးသွားမှာပါ။ ပညာတတ်မှ သက်သက်သာသာ နေထိုင်ရမှာလေ။ အဲဒီအတွက် ဖြည့်ဆည်းပေးသွားချင်တယ်”လို့ ဝိုင်းချစ်က ပြောပါတယ်။
လူရွှင်တော် ဝိုင်းချစ်ဟာ “ရွှေညီအစ်ကို” ဆိုတဲ့ အငြိမ့်အဖွဲ့ကနေ အနုပညာလောကထဲကို ရောက်ရှိလာသူပါ။ အဲဒီနောက် မြန်မာ ဗီဒီယို ဇာတ်ကားတွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း ကိုယ်ပိုင် စီးပွားရေးနဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။
You may also like these stories:
“အလုပ်တွေ ပါးနေတာကြောင့် ရုပ်ရှင်တွေ ပြန်ရိုက်ရရင် ကောင်းမယ်”
မိသားစုအပေါ် လွမ်းတဲ့စိတ် မေ့ထားပြီး အလုပ်တွေ ကြိုးစားနေတဲ့ မိုးအောင်ရင်
“အရင်က မူးလာနဲ့ အခု မူးလာ အများကြီး ကွာသွားပြီ”