“Jurassic World: Dominion” ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ရိုက်ကူးရေး လုပ်ငန်းတွေ ပြန်စနိုင်ဖို့ COVID-19 စစ်ဆေးမှုအကြိမ်ပေါင်း ၁၈၀၀၀ လုပ်ဆောင်ရေး အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီကမ္ဘာကျော် ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းတွေဟာ လန်ဒန်မြို့မှာ ပြီးခဲ့တဲ့လကစလို့ စတင်ခဲ့ပြီး အထူးအန္တရာယ် ကင်းစေရေး လုပ်ထုံးလုပ်နည်းတွေလည်း ချမှတ်ထားတယ်လို့ သိရပါတယ်။
ရုပ်ရှင်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Bryce Dallas Howard, Chris Pratt, Laura Dern နဲ့ Jeff Goldblum တို့အပါအဝင် အခြားရိုက်ကူးရေး ဝန်ထမ်းတွေဟာ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးခံနေရပြီး ကာကွယ်ရေးပစ္စည်း ကိရိယာ ဝတ်ဆင်နိုင်သူတွေနဲ့ လူအချင်းချင်း ထိတွေ့မှု နည်းပါးတဲ့ ရိုက်ကူးရေး အဖွဲ့သားတွေကိုတော့ ရံဖန်ရံခါမှသာ စစ်ဆေးပေးတယ်လို့ သိရပါတယ်။
လက်သန့်ဆေး အသုံးပြုနိုင်တဲ့နေရာ ၁၅၀ ၊ ငှားရမ်းနေထိုင်တဲ့ ဟိုတယ်တခုလုံးကို မငှားမီနဲ့ ငှားရမ်းနေထိုင်အပြီး ဗိုင်းရပ်စ်သတ်ဆေးဖျန်းမှု အပါအဝင် ထပ်ဆောင်း ကုန်ကျစရိတ်ဟာ စုစုပေါင်း ဒေါ်လာ ၉ သန်း ဝန်းကျင်လောက် ရှိတယ်လို့ သတင်းရင်းမြစ်တခုက New York Times သတင်းစာကို ပြောကြားခဲ့ပါတယ်။
ထုတ်လုပ်ရေးလုပ်ငန်းခွင်မှာ ဆရာဝန်တဦးကို အချိန်ပြည့်ခန့်ထားပြီး သူနာပြု ၄ ဦးဟာလည်း ရိုက်ကွင်းဝင်အဝမှာ အပူချိန်တိုင်းပေးတာတွေ လုပ်ဆောင်နေသလို တခြားဆေးဝန်ထမ်းတချို့လည်း ရှိသေးတယ်လို့ ဆိုပါတယ်။
ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့ဝင်တချို့ဟာ ဟိုတယ်ကို ရောက်ရောက်ချင်းမှာပဲ ၁၄ ရက်ကြာ Quarantine နေထိုင်ခဲ့ရပြီးမှသာ အဆောက်အဦတခုလုံးမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်နဲ့ တခြားပစ္စည်းတွေ အားလုံး အသုံးပြုခွင့် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်ဆောင်ပြီးရင်တော့ လူအချင်းချင်း ခပ်ခွာခွာနေဖို့ မလိုအပ်ဘဲ Mask ကိုလည်း အခါအားလျော်စွာ တပ်ဖို့သာ လိုအပ်ပါတယ်။
ပြီးတော့ ဒါရိုက်တာ Colin Trevorrow က အားလုံးအတူတူ နေထိုင်ကြဖို့ဆိုတဲ့ အထူးအစီအစဉ်ဟာ တော်တော်လေးကို အကျိုးကျေးဇူးဖြစ်ထွန်းတယ်လို့ ဆိုပါတယ်။
ဒါရိုက်တာ Colin က “Laura Dern ၊ Sam Neill ၊ Jeff Goldblum နဲ့ ကျနော်တို့ရဲ့ သရုပ်ဆောင်အားလုံးက အရမ်းကိုပဲ သတိကြီးကြီးထားနေကြပါတယ်။ ဒါပေမဲ့ အတူတူ ဘေးကင်းကင်းနေကြတာဟာ တကယ့်ကိုပဲ လိုအပ်တယ်လို့ သိထားကြပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာ နောက်တပတ်မှာရိုက်မယ့် ဇာတ်ဝင်ခန်းတိုင်းအတွက် အစမ်း လေ့ကျင့်ပါတယ်” လို့ ဆိုပါတယ်။
လိုအပ်တဲ့ သရုပ်ဆောင်နဲ့ ဝန်ထမ်းတွေကိုသာ ရိုက်ကူးနေစဉ်အတွင်း ထားရှိလိုတာကြောင့် ရိုက်ကွင်းကို ပိတ်ထားရတာနဲ့ ပတ်သက်လို့ အဲ့ဒီလို လုပ်ဆောင်တာဟာ တိုးတက်မှုရှိတယ်လို့လည်း ဒါရိုက်တာက ဆိုပါတယ်။
Ref: asiaone
You may also like these stories:
“The Crown” စီးရီးမှာ ဒိုင်ယာနာအဖြစ် ပါဝင်မယ့် မင်းသမီး Elizabeth Debicki
မင်းသား Sushant Singh အတွက် ၂၄ နာရီကြာ ဆုတောင်းပွဲ ကျင်းပမည်
Blackpink အဖွဲ့နဲ့အတူ သီချင်း သီဆိုမယ့် Selena Gomez