“The Ellen DeGeneres” ရုပ်သံအစီအစဉ်မှ ထိပ်တန်း ထုတ်လုပ်သူ ၃ ဦးဟာ အဲ့ဒီနာမည်ကျော် အစီအစဉ်ကနေ နုတ်ထွက်သွားပြီဖြစ်ကြောင်း Warner Bros က သြဂုတ်လ ၁၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
အဲ့ဒီ ထုတ်လုပ်ရေးမှူး ၃ ဦးကို အနိုင်ကျင့်မှု၊ လူမျိုးရေးခွဲခြားမှုနဲ့ လိင်ပိုင်ဆိုင်ရာ အလွဲသုံးစားမှုတွေနဲ့ ပတ်သက်လို့ တိုင်တန်းထားမှုတွေအပေါ် အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အခုလို ဖြစ်ရပ် ထွက်ပေါ် လာတာ ဖြစ်ပါတယ်။
အဲ့ဒီ အစီအစဉ်ကို ထုတ်လုပ်တဲ့ Warner Bros Television မှ ပြောခွင့်ရသူတဦးက အစီအစဉ်နဲ့ အကြီးတန်းထုတ်လုပ်သူ ၃ ဦးတို့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်ဟာ သနားကြင်နာမှုနဲ့ ပျော်ရွှင်မှုတွေကို ဖြန့်ဝေပေးကြဖို့ လူထုထံ သတင်းစကား ပါးနေခဲ့ပေမယ့် ရိုက်ကွင်းနောက်ကွယ်မှ ပြင်းထန်တဲ့ လှုပ်ခတ်မှုတွေ သီတင်းပတ်နဲ့ ချီပြီး ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။
ကြမ်းတမ်း ခက်ထန်တဲ့ လုပ်ငန်းခွင်အကြောင်း သတင်းတွေထဲမှာတော့ DeGeneres ကိုယ်တိုင်ကိုက စိတ်ဓာတ်ယုတ်မာ အောက်တန်းကျတယ်ဆိုပြီး ဝေဖန်မှုတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် သူ့နေရာမှာ Katy Perry, Kevin Hart, Alec Baldwin နဲ့ Ashton Kutcher တို့လို လူမျိုးတွေကိုသာ ခန့်ထားပေးဖို့ လူထုက တောင်းဆိုထားသလို သူ့ကို မဖြစ်မနေ ဖယ်ရှားပေးဖို့ ဆိုရှယ်မီဒီယာကနေ တောင်းဆိုမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။
အသက် ၆၂ နှစ်အရွယ် DeGeneres ကတော့ အခုလိုမျိုး ဖြစ်ရပ်တွေအတွက် ခံစားရပြီး တောင်းပန်တဲ့အကြောင်း ပြောဆိုထားပါတယ်။ DeGeneres က သူဟာ ပြီးပြည့်စုံသူ မဟုတ်ဘဲ အခုလိုမျိုး ရိုက်ကွင်းနဲ့ ပတ်သက်လို့ ဖြစ်နေတဲ့ စွပ်စွဲချက်တွေကို ဖတ်ရတာ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဝန်ထမ်းတဦးကို Zoom ကနေ တဆင့်ပြောကြားခဲ့တယ်လို့ သတင်းရင်းမြစ်တော်တော်များများကို ကိုးကားပြီး Variety မီဒီယာက ဖော်ပြပါတယ်။
ခက်ထန်ကြမ်းတန်းတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ စွပ်စွဲချက်တွေကတော့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက BuzzFeed ဆောင်းပါးတပုဒ်မှာ ဝန်ထမ်းဟောင်းတဦးရဲ့ ပြောဆိုချက်ကနေ စတင်ခဲ့တာပါ။ Warner Bros ကတော့ အဲ့ဒီပြောဆိုချက်ကို စုံစမ်းစစ်ဆေးနေပြီး ဝန်ထမ်းအပြောင်းအလဲတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
“The Ellen DeGeneres Show” ဟာ စတင်ထုတ်လွှင့်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က စလို့ ဆုပေါင်းများစွာ ရရှိခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်ဟာ အမေရိကန်သမ္မတရဲ့ အရပ်သားတွေအပေါ် အမြင့်ဆုံး ချီးမြှင့်တဲ့ “Presidential Medal of Freedom” ဆုနဲ့အတူ တင်ဆက်သူ DeGeneres ကိုယ်တိုင်ကလည်း “Mark Twain Prize for American Humor” ဆုကို ရရှိခဲ့ဖူးပါတယ်။
Ref: CNA
You may also like these stories:
၂၀၂၁ ခုနှစ်မှာ Keanu Reeves ရဲ့ “Matrix 4” နဲ့ “John Wick 4” ရုပ်ရှင်ကို ပြိုင်တူ ပြသမည်
“Tenet” ရုပ်ရှင် ရုံတင်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း