သည်းထိတ်ရင်ဖိုရုပ်ရှင်တွေနဲ့ နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ James Wan က လာမယ့် “Aquaman 2” ရုပ်ရှင်ဟာ Horror ရုပ်ရှင်ပုံစံမျိုး ဖြစ်လိမ့်မယ်လို့ ကတိပေးခဲ့ပါတယ်။
မင်းသား Jason Momoa ၊ မင်းသမီး Amber Heard နဲ့ မင်းသမီး Nicole Kidman တို့ ပါဝင်ထားကြတဲ့ ပထမဆုံး Aquaman ရုပ်ရှင်ဟာ ရုံဝင်ငွေပိုင်းမှာလည်း အောင်မြင်မှုရရှိခဲ့ပြီး DC ပရိသတ်တွေကလည်း ချီးကျူးခဲ့ကြပါတယ်။ ဒါပေမဲ့ “Aquaman 2” ရုပ်ရှင်ကတော့ အများက ထင်မှတ်ထားသလို ပုံစံတော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ပထမဆုံး Aquaman ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းအဖြစ် ပုံဖော်မယ့် အဲ့ဒီရုပ်ရှင် ရိုက်ကူးရေးကို ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ရိုက်ကူးဖို့ ပြင်ဆင်ထားပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ အရင်သရုပ်ဆောင်ဟောင်းတွေပဲ ပြန်လည် ပါဝင်လာမှာဖြစ်ပြီး ဒါရိုက်တာ James Wan နဲ့ ဇာတ်ညွှန်းဆရာ David Leslie Johnson-McGoldrick တို့က ပူးပေါင်းကြမှာလည်း ဖြစ်ပါတယ်။
Horror ရုပ်ရှင်တွေရဲ့ ဘုရင်လို့ တင်စားကြတဲ့ ဒါရိုက်တာ James ဟာ “Saw”, “Insidious”, “The Conjuring”, “The Nun” နဲ့ “Annabelle” တို့လိုရုပ်ရှင်တွေကို ပရိသတ် ကြိုက်နှစ်သက်အောင် ရိုက်ကူး ပုံဖော်ခဲ့သူတွေလည်းဖြစ်ပါတယ်။ ဒါကြောင့် “Aquaman 2” ရုပ်ရှင်ကို မူရင်းဇာတ်လမ်းပုံစံနဲ့ ကွဲထွက်ပြီး Horror ပုံစံ ရိုက်ကူးမယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေက ပျော်ရွှင်ခဲ့ကြပါတယ်။
DC FanDome နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒါရိုက်တာ James က “Aquaman 2” ရုပ်ရှင်မှာ Horror ပုံစံ တချို့ ပါဝင်လာမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ပထမဆုံး “Aquaman” ရုပ်ရှင်ထဲက Mera နဲ့ Aquaman တို့ Trench သတ္တဝါဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပုံကို ပရိသတ်တွေက အထူးကြိုက်နှစ်သက်ခဲ့ကြတာကို တွေ့ရပါတယ်။ အခုဇာတ်လမ်းအသစ်မှာတော့ ရေအောက်ကမ္ဘာမှာ ဒါရိုက်တာ James ပုံဖော်မယ့် Horror ဆန်ဆန် ရုပ်ရှင်ကို ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
Ref: starbiz
You may also like these stories:
Aquaman ရုပ်ရှင်ကို မီနီစီးရီး ရိုက်ကူးဖို့ ရှိနေ