မကြာခင် ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးရမယ့်အပေါ် သရုပ်ဆောင် ထွန်းကိုကိုက ပဲခူးမှာ မနေတာကြာသွားတာကြောင့် ပဲခူးမှာ နာမည်စာရင်း မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။
“မဲကတော့ အရင်က ပဲခူးကနေပဲ ပေးတာ။ ပဲခူးမှာ မနေတာ ကြာသွားတော့ အမေတို့ကလည်း ရန်ကုန်မှာ ပြောင်းနေတော့ ပဲခူးမှာ ကျနော်တို့ နာမည်စာရင်း မတွေ့ခဲ့ဘူး။ ရန်ကုန်မှာပဲ ထည့်ဖို့ လုပ်နေတယ်။ အခုစနစ်က ကိုယ်ရောက်တဲ့ နေရာမှာ ထည့်လို့ရတယ်။ လူတိုင်း လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိတယ်။ ကိုယ့်အသည်းကြားက မဲတပြားကို ပယ်မဲ မဖြစ်အောင် မဲပေးမှာပါ”လို့ ထွန်းကိုကိုက ပြောပါတယ်။
ထွန်းကိုကိုကတော့ နိုင်ငံရေးကို အများကြီး နားမလည်တာကြောင့် နိုင်ငံရေးနဲ့ ပတ်သက်တာ မလုပ်ဖူးဘဲ ကိုယ်နားလည်တဲ့ ပရဟိတအလုပ်ပဲ လုပ်ကိုင်တယ်လို့ ဆိုပါတယ်။
“ကျနော်ကတော့ နိုင်ငံရေးကို အများကြီး နားမလည်ဘူး။ နားမလည်လို့လည်း နိုင်ငံရေး မလုပ်ဘူး။ နိုင်ငံရေး နားမလည်လို့ မလုပ်တာပေါ့။ ကျနော့်ကို ခေါ်ဖူးကြပါတယ်။ တခါမှ နိုင်ငံရေးနဲ့ ပတ်သက်တာ မလုပ်ဖူးဘူး”
“ဘာသာရေး လုပ်တယ်။ ပရဟိတ လုပ်တယ်။ ကိုယ့်နားလည်တဲ့အလုပ် ကိုယ်လုပ်တာပေါ့။ နားလည်လို့ လုပ်တာ ပိုကောင်းတယ်။ နားမလည်ဘဲ လုပ်ရင် ကိုယ်လုပ်တဲ့ အလုပ်တွေလည်း အရာထင်မှာ မဟုတ်ဘူး။ ကိုယ့်အသည်းကြားက မဲတပြားကိုတော့ ရအောင် ထည့်မှာပါ”လို့ ထွန်းကိုကိုက ပြောပါတယ်။
မဲဆွယ်စည်းရုံးတာတွေ ကြုံရပေမယ့်လည်း နိုင်ငံရေး မလုပ်ဖြစ်ပေမယ့် နိုင်ငံရေး သိသင့်သိထိုက်တာတွေကိုတော့ သိထားတယ်လို့ ဆိုပါတယ်။
“မဲဆွယ် စည်းရုံးတာတွေ ကြုံပါတယ်။ ဥပမာပေးရရင် သူငယ်ချင်းတွေက သွားကြမယ်၊ သောက်ကြမယ်၊ စားကြမယ် လာခေါ်ရင် ၁ ခါခေါ်တယ်၊ ၂ ခါခေါ်တယ်၊ ၃ ခါခေါ်လို့ မရရင် မခေါ်ကြတော့ဘူး။ အဲ့လိုပဲ ဒီလိုကိစ္စတွေမှာလည်း ကျနော်က မလုပ်မှန်း သိတယ်။ ပရဟိတလုပ်နေတော့ ကျနော်ကို မမြင်တော့ဘူးပေါ့။ နိုင်ငံသားတယောက် ဖြစ်နေတဲ့အတွက် နိုင်ငံရေး သိသင့်သိထိုက်တာတော့ သိထားတယ်”
“နိုင်ငံ့အရေးတွေကို ကျနော်တို့ လုပ်တယ်။ ဘယ်ပါတီ ဘာရယ်မှ မဟုတ်ဘူး။ ကျနော်တို့ ပရဟိတလုပ်တာလည်း နိုင်ငံအရေးပဲ။ နိုင်ငံမှာ အရေးကြုံနေတာတွေကို ကူညီတယ်၊ ဆောင်ရွက်တယ်။ ဒါလည်း နိုင်ငံအရေးပဲ။ ပါတီအသင်းအဖွဲ့တွေက ကျနော် နားမလည်တော့ မလုပ်ဖြစ်ဘူး”လို့ ထွန်းကိုကိုက ပြောပါတယ်။
သရုပ်ဆောင် ထွန်းကိုကိုကတော့ ရုပ်ရှင်ကားကြီးတွေမှာ ပါဝင် သရုပ်ဆောင်နေသလို ပရဟိတ အလုပ်တွေလည်း လုပ်ကိုင်နေသူပါ။ ကိုဗစ်ကာလမှာလည်း ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းနဲ့အတူ လူမှုကယ်ဆယ်ရေး အလုပ်များ၊ ပရဟိတ အလုပ်များ လုပ်ကိုင်ဆောင်ရွက်နေတာ တွေ့ရပါတယ်။
You may also like these stories:
ဘွဲ့ရပြီးရင် အနုပညာနဲ့တွဲပြီး အလုပ်လုပ်မယ့် ယွန်းဝတီလွင်မိုး
မွေးနေ့မှာ တကိုယ်တော်ခွေသစ် မိတ်ဆက်ခဲ့တဲ့ အဆိုတော် ရဲရင့်အောင်
သရုပ်ဆောင်ကောင်း တယောက်ဖြစ်အောင် ကြိုးစားနေတဲ့ ခါရာ