တောင်ကိုရီးယားနိုင်ငံကနေ ထုတ်လုပ်ထားတဲ့ အာကာသ စိတ်ကူးယဉ်ရုပ်ရှင် “Space Sweepers” ကတော့ နိုင်ငံတွင်းမှာရှိတဲ့ ပရိသတ်တွေကို ချပြဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး နိုင်ငံရဲ့ ပထမဆုံး အာကာသ ရုပ်ရှင်ထဲမှာ ကိုရီးယားနဲ့ သက်ဆိုင်တဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းအကြောင်းအရာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒါရိုက်တာ Jo Sung-hee ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင်မှာတော့ ညစ်ညမ်းမှုတွေကြောင့် ပျက်စီးလုနီးပါး ဖြစ်နေတဲ့ ကမ္ဘာအနီးမှာ အာကာသအမှိုက်တွေကို လိုက်ခံသိမ်းဆည်းနေတဲ့ ယာဉ်ပေါ်က ယာဉ်သားတွေ အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။
နာမည်ကျော်မင်းသား ဆောင်းဂျွန်ကီက Victory လို့ခေါ်တဲ့ အာကာသယာဉ်မှူး ထယ်ဟို ဇာတ်ရုပ်ကနေ ပါဝင်ထားပြီး မင်းသမီး ကင်ထယ်ရီကတော့ ကပ္ပတိန် Jang အဖြစ် သရုပ်ဆောင်ထားပါတယ်။
အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မင်းသား ဆောင်းက “ကိုရီးယားရဲ့ ပထမဆုံး အာကာသာ စိတ်ကူးယဉ်- သိပ္ပံရုပ်ရှင်မှာ ပါဝင်နိုင်ဖို့ဆိုတာ အရမ်းကို ဆန်းသစ်ပြီး စိန်ခေါ်မှုများခဲ့ပါတယ်။ အဲ့ဒါဟာ ဒါရိုက်တာ Jo က ကိုရီးယားရုပ်ရှင်သမိုင်းမှာ အခန်းသစ်တခု ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မင်းသားက “ဒါရိုက်တာ Jo က အဲ့ဒီအချိန်မှာ အာကာသရုပ်ရှင်အကြောင်း ပြောလာခဲ့ပါတယ်။ တော်တော်လေးကို ထူးခြားမယ်လို့ ကျနော်ထင်ခဲ့တယ်” လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါရိုက်တာက အခုရုပ်ရှင်အတွက် အချိန် ၁၀ နှစ်လောက် ပေးခဲ့ရပြီး ဇာတ်လမ်း၊ ဇာတ်ကောင်နဲ့ ဒီဇိုင်းတွေကို အပြည့်အ၀ ပုံဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မင်းသမီး ကင်ထယ်ရီကတော့ “Little Forest” ရုပ်ရှင်အပြီး ၂ နှစ်အကြာမှာ အခုရုပ်ရှင်နဲ့ အနုပညာလောကထဲ တဖန်ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ Jo ကတော့ သူ့ရဲ့ တတိယမြောက် ရုပ်ရှင်အနေနဲ့ ကိုရီးယားစတိုင် အာကာသ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တကားကို ဖန်တီးချင်ခဲ့တာလို့ ဆိုပါတယ်။
တိကျတဲ့ အချက်အလက်တွေအပေါ်မှာ မဟုတ်ဘဲ စိတ်ကူးစိတ်သန်းပေါ်မှာသာ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပေမယ့် ပါဝင်ကြတဲ့ ဇာတ်ကောင်တွေဟာ သူတို့တွေလို သူလိုကိုယ်လို လူတွေသာဖြစ်တယ်လို့ ဆိုပါတယ်။ ဟောလိဝုဒ် သူရဲကောင်းတွေ မဟုတ်ဘဲ အာကာသယာဉ်ပေါ်က သာမန် ကိုရီးယားလူမျိုးတွေသာ ဖြစ်တယ်လို့ ဒါရိုက်တာက ဆိုပါတယ်။
“Space Sweepers” ရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့စလို့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
Ref: Yonhap
You may also like these stories:
နာမည်ကျော် “Ellen DeGeneres” အစီအစဉ်မှ ထုတ်လုပ်သူ ၃ ဦး နုတ်ထွက်
“Aquaman 2” ရုပ်ရှင်ကို Horror ပုံစံ ရိုက်ကူးမည်
မင်းသမီး ဖန်ပင်းပင်းကို ပရိသတ်တဦးက လက်ထပ်ခွင့်တောင်း