လူမှုကွန်ရက်မှာ သရုပ်ဆောင် နေဆန်းနဲ့ နာမည်တူ Facebook Cele နေဆန်း အောင်မြင်နေတဲ့အပေါ် သရုပ်ဆောင် နေဆန်းက ဂုဏ်ယူမိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော့် နာမည်က သိပ်မများဘူးလေ။ နေဆန်းဆိုတဲ့ နာမည်တွေ့တော့ တခါ ကျနော် Facebook ကြည့်တော့ ချစ်စရာလေးပေါ့။ ဟာ.. သူလည်း နေဆန်းလို့ ရေးထားတယ်ပေါ့။ ကြည့်လိုက်တော့လည်း ချစ်စရာလေး၊ အသက်ကလည်း ၂၀ ပတ်ချာလည်ပဲ ရှိဦးမှာပါ။ ကျနော်က အခု အသက် ၅၂ လေ။ ဒါကို ကျနော့်နာမည် ခိုးချတယ်လို့ သွားပြောလို့ မရပါဘူး” လို့ နေဆန်းက ပြောပါတယ်။
ဆက်လက်ပြီး “သူက အသက် ၂၀၊ ကျနော်က ၅၀ ဆိုရင် အသက် ၃၀ ကွာတယ်။ ကျနော် အနုပညာလုပ်တာ အနှစ် ၃၀ မှ မရှိသေးတာ။ ၁၉၉၃ က လုပ်တာဆိုတော့ အနှစ် ၃၀ မပြည့်လောက်သေးပါဘူး။ ကျနော့်နာမည် ပြန်ပေးတာပဲဖြစ်ဖြစ်၊ နဂိုကတည်းက ပေးထားတာပဲဖြစ်ဖြစ် မှည့်တဲ့သူတွေများပါတယ်။ တွေ့ရခဲတယ်ဆိုပေမယ့် အသက်ကြီးလာတော့ တချို့နေရာတွေမှာ တွေ့တယ်” လို့ နေဆန်းက ပြောပါတယ်။
“လူတူမရှား၊ နာမည်တူမရှား” ဆိုတာရှိတဲ့အတွက် ကိုယ်နဲ့တူတယ်ဆိုပြီး မကျေမနပ်ဖြစ်လို့ မရဘူးလို့ ဆိုပါတယ်။
“နာမည်ဆိုတာကတော့ တဦးတည်း မူပိုင်ဆိုတာရယ် မရှိပါဘူး။ လူတူမရှား၊ နာမည်တူမရှား ဆိုတာ ရှိပါတယ်။ လူလည်း တူချင်တူမှာပဲလေ။ ကိုယ်နဲ့ တူတယ် ဆိုပြီးတော့ မကျေမနပ်ဖြစ်လို့မှ မရတာ။ နာမည်တူတယ်ဆိုပြီးတော့လည်း မကျေမနပ်ဖြစ်လို့ မရဘူး ထင်ပါတယ်။ နာမည်တူတာတော့ များမှာပါ” လို့ နေဆန်းက ပြောပါတယ်။
လက်ရှိ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူသိများနေတဲ့ Facebook Cele နေဆန်းဟာ မိဘကို သိတတ်တဲ့သူတယောက် ဖြစ်တာကြောင့် အပြင်မှာတွေ့ရင်လည်း ချစ်မိမှာပဲလို့ ဆိုပါတယ်။
“အခုအချိန်မှာ သူတို့ခေတ်ပဲလေ။ တော်လည်း တော်တဲ့ကလေးတွေ၊ မိဘကို သိတတ်တဲ့ ကလေးတွေပဲလေ။ Welcome ပဲပေါ့။ အပြင်မှာတွေ့ရင်လည်း ချစ်မိမှာပါပဲ။ ကိုယ့်ထက်လည်း အများကြီးငယ်တာပဲ။ နေဆန်း အငယ်လေးပေါ့။ ကျနော်ကတော့ အကြီးဖြစ်သွားပြီပေါ့” လို့ ပြောပါတယ်။
Facebook Cele နေဆန်းကို သရုပ်ဆောင် နေဆန်းက သူ့ရဲ့ “နယူးချစ်တီး” ထမင်းဆိုင်ကို လာရောက်ခဲ့ရင်လည်း ထမင်းကျွေးဦးမှာလို့ သိရပါတယ်။
“နာမည်တူသူက အောင်မြင်နေတော့ ပိုပြီးတော့တောင် ဂုဏ်ယူရဦးမယ်။ နေဆန်းဆို နေဆန်းအငယ်လေးကို ပြောတာလားပေါ့။ ထမင်းဆိုင်လာရင် ထမင်းကျွေးမှာလို့။ ကျနော်က အလုပ်နဲ့ ထမင်းဆိုင်မှာ ရှိတာ များတယ်။ အကြောင်းပါရင်တော့ တွေ့မှာပေါ့” လို့ နေဆန်းက ပြောပါတယ်။
အဆိုပါ Facebook Cele နေဆန်းကတော့ Facebook ပေါ်မှာ ဗီဒီယိုဖိုင်အတိုများ တင်ရာမှ လူသိများလာခဲ့ပြီး ကြော်ငြာများ ရိုက်ကူးလာခဲ့ရတဲ့ ဝင်ငွေများနဲ့ မိဘများကို အိမ်ဆောက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
နာမည်အရင်းကို ပြောင်းလဲပြီး သရုပ်ဆောင် နေဆန်း နာမည်နဲ့ လူသိများလာတာကြောင့်လည်း သရုပ်ဆောင် နေဆန်းကို ကျေးဇူးတင်နေတဲ့အကြောင်းကို မီဒီယာတခုမှာ ဖြေဆိုထားခဲ့ပါတယ်။
You may also like these stories:
ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းမှုများရှိလာတယ်လို့ Facebook Cele နေဆန်း ပြော
ကုန်ဈေးနှုန်း တက်ပေမယ့် ဈေးနှုန်း အများကြီး မပြောင်းလဲတဲ့ နေဆန်းတို့ ထမင်းဆိုင်