သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ ရည်းစားဟောင်းဖြစ်သူ တရားလို ခင်မြတ်နိုးကတော့ အမှုနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန်နဲ့ တရားရေးက ဆုံးဖြတ်သွားမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
“ကျမက အမှန်တရားအတိုင်း သွားမှာဆိုတော့ အမှန်တရားအတိုင်းပဲ ဖြစ်မှာပါ။ ၁၀၀ ရာခိုင်နှုန်းကိုယုံကြည်ထားတယ်။ ညှိနှိုင်းစရာ အကြောင်းလည်း မရှိပါဘူး။ မှန်မှန်ကန်ကန်နဲ့ တရားရေးက ဆုံးဖြတ်သွားမယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေသွားချင်တယ်” လို့ ခင်မြတ်နိုးက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၁၉ ရက်နေ့ရုံးချိန်းမှာတော့ စွပ်စွဲခံရသူ မိုးအောင်ရင်အား စစ်ဆေးရမှာ ဖြစ်ပေမယ့် မိုးအောင်ရင်ရဲ့ ရှေ့နေဖြစ်သူ ခွင့်တင်ထားတဲ့အတွက် မစစ်ဆေးဖြစ်ခဲ့ဘဲ နောက်တကြိမ် ရုံးချိန်းမှာ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“နစ်နာတာကတော့ ပြောလည်း ထူးမှာ မဟုတ်တော့ဘူး။ ကျန်းမာရေး မကောင်းဘူး ဆိုတာကို စာရွက်စာတမ်းနဲ့ ပြောတယ်။ ဒါပေမဲ့ ရုံးချိန်းပျက်တာ ၂ ချိန်း ရှိသွားပြီပေါ့။ မှုခင်း စီမံခန့်ခွဲမှုအရ ရုံးချိန်းတွေ ပေးပြီးကတည်းက ပျက်တာ ၂ ချိန်း ရှိနေပြီ ဆိုတော့ နောက်တချိန်းကတော့ မပျက်မကွက် စစ်မှာပါ” လို့ ခင်မြတ်နိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရုံးချိန်းများအတွင်း တရားလိုဖြစ်သူ ခင်မြတ်နိုးကို စစ်ဆေးပြီးဖြစ်တဲ့အတွက် စွပ်စွဲခံရသူ မိုးအောင်ရင်ကို စစ်ဆေးရန်အတွက် ရုံးချိန်း ၇ ချိန်းဖြင့် စစ်ဆေးရန် အတည်ပြုခဲ့ပေမယ့် ရုံးချိန်းပျက်ကွက်မှုများကြောင့် မစစ်ရသေးဘူးလို့ သိရပါတယ်။
“ခွင့်တိုင်ကြားရခြင်း အကြောင်းရင်းကတော့ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားမ ပြင်ဆင်မှုကို သွားပြီး လျှောက်လွှဲချက် ပေးနေရတဲ့အတွက် ခွင့်တိုင်ကြားခြင်း ဖြစ်ပါတယ်။ တရားလွှတ်တော်တွေမှာ အမှုစာရင်းက ကြေညာတဲ့အခါမှပဲ ရှေ့နေတွေကသွားပြီးတော့ လျှောက်လွှဲချက်ပေးရတာဖြစ်တဲ့အတွက် မြိုနယ်တရားရုံး ရုံးချိန်းတွေနဲ့ တိုက်ဆိုင်နေရင် မြို့နယ်တရားရုံးတွေက ရှေ့နေတွေကို ခွင့်ပြုပေးရတာ ရှိပါတယ်”

“ဒါကြောင့် ကျနော်တို့က ရုံးချိန်းကို ရွှေ့ဆိုင်းခွင့်ပြုပြီးမှ ၂၆ ရက်နေ့ကို ပြန်လည် ချိန်းဆိုပေးခဲ့တာဖြစ်တယ်” လို့ ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
အဆိုပါ အမှုမှာတော့ တရားလို၊ စွပ်စွဲခံရသူ ၂ ဦး ၂ ဖက် ရှေ့နေများ၊ သက်သေများ စုံလင်မှသာ တရားခွင်မှာ စစ်ဆေးရတဲ့အတွက် တယောက်ယောက် ပျက်ကွက်ပါက ရုံးချိန်းရွှေ့ဆိုင်းရတာဖြစ်တယ်လို့ သိရပါတယ်။
“ဒီအမှုမှာ မှုခင်းစီမံခန့်ခွဲမှုနဲ့ အညီ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အမှုစစ်ဆေးတဲ့အခါ ကျနော်တို့က တရားလို၊ တရားခံ ၂ ဖက် ရှေ့နေတွေ၊ သက်သေတွေ စုံလင်မှ သာလျှင် တရားခွင်မှာ စစ်ဆေးရတာဖြစ်ပါတယ်။ ဒီအချိန်မှာ တယောက်ယောက် ပျက်ကွက်ရင် ရုံးချိန်းကို ရွှေ့ဆိုင်းရပါတယ်။ ရုံးချိန်းရွှေ့ဆိုင်းတဲ့အခါမှာလည်း ရုံးချိန်းရွှေ့ဆိုင်းခြင်းဆိုင်ရာ မူဝါဒနဲ့အညီ ရွှေ့ဆိုင်းပေးရပါတယ်”
“မူဝါဒနဲ့ မညီရင် ရုံးချိန်းရွှေ့ဆိုင်းပေးခြင်း မပြုပါဘူး။ ပျက်ကွက်တယ်လို့ သတ်မှတ်ပါတယ်။ မူဝါဒနဲ့ညီရင်တော့ ရုံးချိန်းကို ရွှေ့ဆိုင်းပေးရပါတယ်။ ဒီအမှုမှာလည်း ၂ ဖက် အမှုသည်တွေနဲ့ ညှိနှိုင်းပြီးတော့ စစ်ဆေးနေတာဖြစ်တဲ့အတွက် ကြန့်ကြာတယ်လို့ မဆိုလိုသေးပါဘူး” လို့ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မိုးအောင်ရင် အနေနဲ့ ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
You may also like these stories:
မိုးအောင်ရင်ဘက်မှ သက်သေများအား ရုံးချိန်း ၇ ချိန်းဖြင့် စစ်ဆေးမည်
မိုးအောင်ရင်ဘက်မှ သက်သေ ၁၂ ယောက် တင်ထား
ခွင့်မတိုင်ဘဲ ရုံးချိန်း ပျက်ကွက်လို့ မိုးအောင်ရင် သတိပေးခံရ